မြန်မာဘာသာဖြင့်ဖန်တီးထားသော ဘေးကင်းသည့် အွန်လိုင်းအသုံးပြုရေး ပညာပေးအစီအစဉ်ကို မိတ်ဆက်

တယ်လီနောမြန်မာမှ (၆) နှစ်ပြည့်အထိမ်းအမှတ် အဖြစ် မြန်မာဘာသာဖြင့် ဖန်တီးထားတဲ့ ဘေးကင်းတဲ့ အွန်လိုင်းအသုံးပြုရေးအစီအစဉ် “ဒစ်ဂျစ်တယ်ကမ္ဘာ” ကို ပလန်အင်တာနေရှင်နယ်မြန်မာနဲ့ ပူးပေါင်း မိတ်ဆက်လိုက်တယ်လို့ သိရပါတယ်။

တယ်လီနောရဲ့ ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်ဖြစ်တဲ့ Parent Zone ရေးဆွဲထားတဲ့ အဆိုပါ ပလက်ဖောင်း သင်ရိုးညွှန်းတမ်းဟာ ဒစ်ဂျစ်တယ်မိသားစုဘဝကို အခြေခံ ဖန်တီးထားခြင်းဖြစ်တယ်လို့ သိရပါတယ်။ အွန်လိုင်းကမ္ဘာမှာ ပိုမိုလုံခြုံပြီး ပျော်ရွှင်ဖွယ် အသုံးပြုနိုင်ဖို့ လိုအပ်တဲ့ အသိပညာနဲ့ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေဖို့ အသက် ၅ နှစ်မှ ၁၆ နှစ်အကြား ကလေးများ၊ ၎င်းတို့ရဲ့ မိသားစုများနဲ့ ကျောင်းများအတွက် အဆိုပါ ပလက်ဖောင်းကို ရေးဆွဲထားခြင်းဖြစ်တယ်လို့ သိရပါတယ်။

လူငယ်လူရွယ်များ အင်တာနက်ကို ဘေးအန္တရာယ်ကင်းစွာ အသုံးပြု၊ ကျင်လည်နိုင်မှုကို မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်တဲ့ ဒစ်ဂျစ်တယ်ကမ္ဘာ အစီအစဉ်မှာ အသုံးပြုသူနဲ့ဖန်တီးဖော်ဆောင်ထားတဲ့ ဇာတ်ကောင်တွေ အပြန်အလှန် ချိတ်ဆက်ထားတဲ့ ဂိမ်းတစ်ခု ဖြစ်ပြီး https://digiworld-mm.parentzone.org.uk/ ကတစ်ဆင့် ဝင်ရောက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်ကမ္ဘာတွင် ပျော်ရွှင်စရာ အွန်လိုင်းပဟေဠိများ အပြင် ဉာဏ်စမ်း စုံစုံလင်လင်နဲ့ ဒေါင်းလုတ်ရယူနိုင်မယ့် လေ့ကျင့်ခန်းစာရွက်များ ပါဝင်တဲ့ ဒစ်ဂျစ်တယ်စာကြည့်တိုက် တစ်ခု ပါရှိပြီး ကလေးတွေအနေနဲ့ ၎င်းတို့ရဲ့ အသက်အရွယ်၊ အတွေ့အကြုံနဲ့ စွမ်းရည်အပေါ် အခြေခံကာ မတူညီတဲ့ အဆင့်အမျိုးမျိုး တစ်လျှောက် မိမိစွမ်းသလောက် လေ့လာဖွေရှာနိုင်စေမှာဖြစ်တယ်လို့ သိရပါတယ်။

အင်တာနက် မရရှိနိုင်တဲ့ ကျောင်းများအတွက်လည်း အဆိုပါ သင်ရိုးညွှန်းတမ်းရဲ့ တစ်စိတ်တစ်ပိုင်းကို အင်တာနက်မလိုအပ်တဲ့ (offline) ပတ်ဝန်းကျင်မှာ အသုံးပြုနိုင်စေဖို့ ရည်ရွယ်ရေးဆွဲထားပြီး ကလေးများရဲ့ ဗဟုသုတအသစ်တွေကို ဖော်ပြနိုင်ဖို့နဲ့ တိုးတက်လာမှုကို အသိအမှတ်ပြုနိုင်ဖို့ အဆင့်တစ်ဆင့်စီတိုင်းမှာ အသိအမှတ်ပြုလက်မှတ်များ ချီးမြှင့်မှာဖြစ်တယ်လို့ သိရပါတယ်။

-ရဲထွဋ်ဝင်း

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««