မြန်မာနိုင်ငံ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးပါတီ စာမျက်နှာများအား Facebook မှ အတည်ပြုပေးလျက်ရှိ

Facebook ပေါ်မှာ မြင်တွေ့ရတဲ့ စာစုတွေကို မှန်ကန်မှုရှိနိုင်အောင်၊ စစ်မှန်တဲ့ သတင်းရင်းမြစ်တွေကနေ အချက်အလက်တွေ ရရှိနိုင်အောင် ဆောင်ရွက်တဲ့အနေနဲ့ မြန်မာနိုင်ငံ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးပါတီ စာမျက်နှာတွေကို တရားဝင် စာမျက်နှာတွေ အဖြစ် Facebook မှ အတည်ပြုပေးလျက်ရှိပြီး အဆိုပါ နိုင်ငံရေးပါတီတွေရဲ့ တရားဝင် ပြည်တွင်း Facebook စာမျက်နှာတွေ ကို အတည်ပြုပေးနိုင်ဖို့အတွက်လည်း မြန်မာနိုင်ငံက မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ အတူ လက်တွဲဆောင်ရွက်နေတယ် လို့ သိရပါတယ်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံက နိုင်ငံရေးပါတီ (၄၀) အတွက် အတည်ပြုပြီး အမှတ်အသား ပြသပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ Facebook ရဲ့ တရားဝင်အတည်ပြုပြီး အမှတ်အသားမှာ နိုင်ငံရေးပါတီတစ်ခုရဲ့ Facebook စာမျက်နှာပေါ်မှာ မြင်သာတဲ့ “အပြာရောင် အမှန်ခြစ်” တစ်ခု ဖော်ပြပေးတာ ဖြစ်တယ်လို့ သိရပါတယ်။ ကိုယ်ရေးမှတ်တမ်းကို ကြည့်တဲ့အခါ၊ ရှာဖွေလိုက်တဲ့ Facebook စာမျက်နှာ ဒါမှမဟုတ် အကောင့်အမည်ရဲ့ ဘေးနားမှာ အတည်ပြုပြီး အမှတ်အသား ကို ပြသပေးထားတာ ဖြစ်ပြီး အကောင့်တစ်ခုဟာ သက်ဆိုင်ရာ နယ်ပယ်အတွင်းမှာ လူသိများသူ၊ နာမည်ကြီး အနုပညာရှင် ဒါမှမဟုတ် နိုင်ငံတကာ ကိုယ်စားပြုအမှတ်တံဆိပ် တစ်ခုရဲ့ အမှန်တကယ် အသုံးပြုနေတဲ့ အကောင့်ဆိုတာကို Facebook ကနေ အတည်ပြုထားပြီးဖြစ်တယ်လို့ အဆိုပါ အမှတ်အသားက ဆိုလိုခြင်း ဖြစ်ကြောင်း၊ ဒီလို ဖော်ပြထားတဲ့ အတွက် Facebook အသုံးပြုသူတွေ ဟာ တရားဝင် နိုင်ငံရေးပါတီ စာမျက်နှာအစစ်နဲ့ အယောင်ဆောင် စာမျက်နှာကို အလွယ်တကူ ခွဲခြားနိုင်မှာ ဖြစ်ပြီး ရွေးကောက်ပွဲ ကာလအတွင်းမှာ ခွဲခြားသိရှိနိုင်ဖို့ အလွန် အရေးကြီးကြောင်း၊ Facebook အနေနဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံတော်အဆင့် နိုင်ငံရေးပါတီ စာမျက်နှာတွေကို အတည်ပြုပေးနိုင်ဖို့ ပြည်တွင်းမှာ လက်တွေ့လုပ်ဆောင်နေကြတဲ့ “ပါတီများနှင့် ဒီမိုကရေစီဆိုင်ရာ ဒိန်းမတ်အင်စတီကျု” (DIPD) နဲ့ International Republican Institute (IRI) တို့လို မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်လျက်ရှိတယ် လို့ သိရပါတယ်။

နိုင်ငံရေးပါတီတွေအနေနဲ့ မိမိတို့ရဲ့ Facebook စာမျက်နှာကို အတည်ပြု “အပြာရောင် အမှန်ခြစ်” အတွက် Facebook ကနေ စိစစ်သုံးသပ်ပေးဖို့ အများပြည်သူ ဝင်ရောက်ပေးပို့နိုင်တဲ့ လျှောက်လွှာပုံစံကို https://www.facebook.com/help/contact/342509036134712 မှာဝင်ရောက် ဖြည့်စွက်ကာ တောင်းဆိုချက်တစ်ခု ပေးပို့နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် နိုင်ငံရေးပါတီတွေရဲ့ Facebook စာမျက်နှာ အတည်ပြုရန်အတွက် အရင်ဆုံး ကိုယ့်ရဲ့ နိုင်ငံတော်အဆင့် နိုင်ငံရေးပါတီ Facebook စာမျက်နှာ ဟာ အတည်ပြုပြီးဖြစ်ရမယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်နယ်အဆင့် စာမျက်နှာတွေမှာ တိကျတဲ့ စာမျက်နှာ အမျိုးအစား (ဥပမာ – နိုင်ငံရေးပါတီ)၊ တိကျတဲ့ စာမျက်နှာ အမည် (ဥပမာ – ပါတီရဲ့အမည်ဟာ UEC မှာ မှတ်ပုံတင်ထားတဲ့ အမည်နဲ့ ထပ်တူညီရပါမယ်)၊ အသစ် စဖွင့်ထားတဲ့ စာမျက်နှာဆိုရင် အနည်းဆုံး ပိုစ့်တစ်ခုရှိခြင်း စတဲ့ အချက်တွေအားလုံးရှိဖို့လိုအပ်ပြီး အချက်အလက်တွေ ပြည့်စုံပြီ ဆိုရင်တော့ အတည်ပြုပြီး နိုင်ငံတော်အဆင့် နိုင်ငံရေးပါတီ Facebook စာမျက်နှာကနေ မိမိရဲ့ တရားဝင် ပြည်နယ်အဆင့် နိုင်ငံရေးပါတီ စာမျက်နှာတွေကို မျှဝေပေးကြဖို့ Facebook က တိုက်တွန်းထားတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ကျန်ရှိနေသေးတဲ့ ပါတီတွေနဲ့ နိုင်ငံရေးပါတီ စာမျက်နှာအသစ်တွေကို အတည်ပြုပေးဖို့ ဆက်လက် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

-ရဲထွဋ်ဝင်း