မြန်မာနိုင်ငံအတွင်းရှိ မိသားစု ၅,၀၀၀ အတွက် အခမဲ့ ဒီဂျစ်တယ်ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်မည်

မြန်မာနိုင်ငံအတွင်းရှိ မိသားစု ၅,၀၀၀ အတွက် MyanCare မိုဘိုင်း အက်ပလီကေးရှင်းမှတစ်ဆင့် တစ်နှစ်စာ အခမဲ့ ကျန်းမာရေးရာ ဆွေးနွေးတိုင်ပင်နိုင်ခွင့်ရှိသကဲ့သို့ ဒီဂျစ်တယ်ကျန်းမာရေးစောင့်ရှောက်မှု ရယူနိုင်မယ့် PRUCare အစီအစဉ်ကို အသက်အာမခံလုပ်ငန်းဖြစ်တဲ့ Prudential Corporation Asia လက်အောက်ရှိ အပိုင် လုပ်ငန်းခွဲဖြစ်တဲ့ Prudential Myanmar Life Insurance Ltd. (Prudential Myanmar) နဲ့ အွန်လိုင်း ကျန်းမာရေးဝန်ဆောင်မှုကုမ္ပဏီ MyanCare တို့ လက်တွဲပူးပေါင်းကာ ပေးအပ်သွားမယ်လို့ သိရပါတယ်။

“မြန်မာနိုင်ငံက ပြည်သူတွေကို ခေတ်မီနည်းပညာ လုပ်ဆောင်ဖြေရှင်းချက်တွေရဲ့ အကူအညီနဲ့ ပိုကောင်းတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရယူနိုင်အောင် ကြိုးပမ်းဆောင်ရွက်ပေးမယ်လို့ Prudential Myanmar က ကတိကဝတ်ပြုထားပါတယ်။ ဒါ့ကြောင့်ပဲ ဒေသတွင်းမှာ ရှိတဲ့ ကျွန်တော်တို့ရဲ့ လူမှုအသိုက်အဝန်းနဲ့ လူ့အဖွဲ့အစည်းအတွက် မနားမနေ ကြိုးပမ်းဆောင်ရွက်နေတဲ့သူတွေကို ဂုဏ်ပြုချီးမြှောက်ဖို့ MyanCare နဲ့ လက်တွဲပြီး ကနဦးခြေလှမ်းအဖြစ် PRUCare ကို မိတ်ဆက်ခဲ့တာပါ။ သူတို့ကိုယ်တိုင်နဲ့ မိသားစုဝင်တွေအတွက် ဆေးဘက်ဆိုင်ရာ ဆွေးနွေးမှုတွေလုပ်နိုင်တဲ့ စိတ်ချရတဲ့ နေရာတစ်ခု ရှာဖွေဖို့နဲ့ ငွေကြေးကုန်ကျမှာ စိုးရိမ်နေတာတွေ လျော့ပါးအောင် ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ ကျန်းမာရေးရာ အထူးတိုင်ပင်ဆွေးနွေး မှုတွေကို တစ်နှစ်လုံး အခမဲ့ ရရှိနိုင်အောင် ဆောင်ရွက်ပေးသွားမှာပါ” လို့ Prudential Myanmar ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Asit Rath ကပြောပါတယ်။

‘PRUCare’ အစီအစဉ်မှာ နိုင်ငံအတွင်းရှိ ကျောင်းဆရာ၊ ဆရာမ၊ သူနာပြု၊ လူမှုကူညီရေးဝန်ထမ်း၊ လုံခြုံရေးဝန်ထမ်း စတဲ့ မြန်မာ့လူမှုအသိုက်အဝန်းရဲ့ အခြေခံအုတ်မြစ်များ ဖန်တီးပုံဖော်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍမှ စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်နေသူ တစ်ဦးချင်းစီရဲ့ ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြု ချီးမြှောက်တဲ့ အနေနဲ့ လူပေါင်း ၅,၀၀၀ အား စိစစ်ရွေးချယ်ပြီး ၎င်းတို့ကိုယ်တိုင် အပါအဝင် မိသားစုများအတွက် တစ်နှစ်စာ အကန့်အသတ်မရှိ MyanCare မိုဘိုင်းအက်ပလီကေးရှင်းမှတစ်ဆင့် အသံနှင့် ဗီဒီယို ဖုန်းခေါ်ဆိုကာ ကျန်းမာရေးရာ ဆွေးနွေးတိုင်ပင်နိုင်ခွင့်များကို အခမဲ့ ပေးအပ်သွားမှာ ဖြစ်ပါတယ်။

အဆိုပါ မိသားစု ၅,၀၀၀ တို့အနေနဲ့ MyanCare မိုဘိုင်းအက်ပလီကေးရှင်းကို အသုံးပြုကာ မိမိကိုယ်တိုင် အပါအဝင် မိသားစုဝင်များအတွက် ကျန်းမာရေးရာ ဆွေးနွေးတိုင်ပင်ဖို့ လိုအပ်လာပါက MyanCare app အတွင်းရှိ အထွေထွေရောဂါကုဆရာဝန်များနဲ့ လွယ်လင့်တကူ ချိတ်ဆက်ဆွေးနွေး တွေ့ဆုံနိုင်မှာ ဖြစ်ပါတယ်။ Prudential Myanmar မှ MyanCare app ပေါ်မှာ အထွေထွေရောဂါကုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့အတွက် ကုန်ကျမယ့်ဝန်ဆောင်ခများ အားလုံးကို ကျခံပေးသွားမှာဖြစ်ပြီး အဆိုပါ အစီအစဉ်ကို ၂၀၂၀ တစ်နှစ်တာအတွင်း အပိုင်းလိုက်ခွဲကာ စီမံဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

-ရဲထွဋ်ဝင်း