မြန်မာနိုင်ငံရှိ ရွာပေါင်း ၂၀၀ တွင် ဒီဂျစ်တယ် အသိပညာပေးမည်

အွန်လိုင်းကို အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရန်နဲ့ အသိပညာ၊ ဗဟုသုတ ပြည့်ဝတဲ့ ဒီဂျစ်တယ် နိုင်ငံသားများ ဖြစ်လာစေရန် ပညာပေးရာမှာ အထောက်အပံ့ဖြစ်စေဖို့ ရက်ပေါင်း ၁၀၀ အတွင်း မြန်မာနိုင်ငံရှိ ရွာပေါင်း ၂၀၀ ကျော်သို့ Facebook နဲ့ အူရီဒူးမြန်မာတို့ ပူးပေါင်းစီစဉ်တဲ့ ကားနှစ်စီးနဲ့ လှည့်လည်ကာ အသိပညာပေးသွားမယ် လို့ သိရပါတယ်။

အဆိုပါ အစီအစဉ်မှာ ကားပေါ်ရှိ နည်းပြများက ဒီဂျစ်တယ် သိနားလည်မှုရှိစေရေးအတွက် အများပြည်သူကို အသိပညာပေးရာတွင် ကူညီသင်ကြားပေးသွားမှာဖြစ်သလို ဖုန်းအတွင်းရှိ အက်ပလီကေးရှင်းများ အဆင့်မြှင့်တင်ပေးဖို့နဲ့ ယူနီကုဒ် ပြောင်းလဲအသုံးပြုနိုင်ရေး ကူညီပေးဖို့ ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“GSMAIntelligence က ဖော်ပြထားတဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ လူပေါင်း (၂၁) သန်းနီးပါး အင်တာနက်သုံးစွဲနေကြပါတယ်။ ပြည်သူတွေကြားမှာ အင်တာနက်ကို အသိပညာ ဗဟုသုတအပြည့်နဲ့ ဘေးကင်းလုံခြုံမှုရှိရှိ အသုံးပြုနိုင်အောင် ဒီဂျစ်တယ်သိနားလည်မှုရှိဖို့ အရမ်းအရေးကြီးပါတယ်။ ဒါ့ကြောင့် အူရီဒူးမြန်မက Facebook နဲ့ ပူးပေါင်းပြီး ပြည်သူတွေအတွက် ပိုမို ကောင်းမွန်တဲ့ ဒီဂျစ်တယ် လူနေမှုဘဝတွေ ဖန်တီးပေးနိုင်အောင် ရောက်ဖို့ခက်ခဲတဲ့ ကျေးလက်ဒေသတွေအထိ ဒီဂျစ်တယ် အသိပညာတွေ ပျံ့နှံ့ရောက်ရှိနိုင်အောင် ဆောင်ရွက်နေတာပါ ” လို့ အူရီဒူးမြန်မာရဲ့ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ် က ပြောပါတယ်။

“သူတို့ကို အွန်လိုင်းပေါ်မှာ ဘေးကင်းလုံခြုံမှုရှိအောင် ဘယ်လိုနေသင့်လဲဆိုတာနဲ့ သုံးရမယ့် နည်းပညာလုပ်ဆောင်ချက်တွေကို လေ့လာနိုင်ဖို့ အခွင့်အလမ်း ဖန်တီးပေးလိုက်တဲ့အတွက် အပြုသဘော ဆောင်ပြီး ဘေးကင်းလုံခြုံတဲ့ အွန်လိုင်း အသုံးပြုမှုဆိုင်ရာ အတွေ့အကြုံတွေရရှိမှာ သေချာပါတယ်။ Internet 1O1 အစီအစဉ်ကနေ ကျေးလက်ဒေသမှာ နေထိုင်ကြတဲ့ ပြည်သူတွေအတွက် အင်တာနက်ကနေ ရသင့်တဲ့ အကျိုးကျေးဇူးတွေ ပိုရနိုင်အောင် လိုအပ်တဲ့ အခြေခံစွမ်းရည်တွေ ဖြည့်ဆည်းပေးနိုင်ခွင့်ရတဲ့အတွက် ကျွန်တော်အနေနဲ့ တကယ့်ကို ဂုဏ်ယူဝမ်းသာမိပါတယ်” လို့ Facebook ရဲ့ Head of Public Policy, Myanmar ဖြစ်သူ Khoe Reh က ပြောပါတယ်။

-အောင်သူ