မြန်မာနိုင်ငံရှိ ဒီဂျစ်တယ်စီးပွားရေး ဆင့်ကဲတိုးတက်ခြင်းကို အရှိန်မြှင့်တင်နိုင်ရန် ရိုးမဘဏ် နှင့် Mastercard တို့ ပူးပေါင်း

ရိုးမဘဏ်ရဲ့ ဒီဂျစ်တယ်စွမ်းဆောင်ရည်များကို ရေရှည်တည်တံ့ခိုင်မြဲစွာ ချဲ့ထွင်နိုင်ဖို့နဲ့ မြန်မာနိုင်ငံရှိ ဒီဂျစ်တယ်စီးပွားရေး ဆင့်ကဲတိုးတက်ခြင်းကို အရှိန်မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ရိုးမဘဏ်နဲ့ Mastercard တို့ မိတ်ဖက်ပူးပေါင်းလိုက်တယ်လို့ သိရပါတယ်။

“အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေဟာ မြန်မာ့စီးပွားရေးအတွက် ကျောထောက်နောက်ခံဖြစ်ပြီးတော့ တစ်နိုင်ငံလုံးက စီးပွားရေးလုပ်ငန်းအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ SME တွေဖြစ်ပါတယ်။ SME ကဏ္ဍကို ဒီဂျစ်တယ်စနစ်ဆီသို့ အသွင်ကူးပြောင်းခြင်းက စီးပွားရေးလုပ်ငန်းတွေရဲ့ ငွေပေးချေမှုဆိုင်ရာ စွမ်းဆောင်နိုင်မှုကို အဆင့်မြှင့်တင်ပေးပြီး လုပ်ငန်းတွေမှာ ကြုံတွေ့နေရတဲ့ အဆင်မပြေမှုတွေကို ပယ်ဖျောက်ပေးနိုင်မှာဖြစ်သလို လုပ်ငန်းတွေအနေနဲ့ နိုင်ငံတကာဈေးကွက်တွေကို အလွယ်တကူဝင်ရောက်နိုင်ဖို့နဲ့ အီလက်ထရောနစ်စနစ်နဲ့ ကူးသန်းရောင်းဝယ်ရေး (E-commerce) အခွင့်အလမ်းတွေ ပိုမိုပွင့်လန်းလာစေဖို ကူညီပေးနိုင်မှာဖြစ်ပါတယ်။ ဒီ မိတ်ဖက်ဆောင်ရွက်မှုကနေ ဘယ်စီးပွားရေးလုပ်ငန်းမဆို ချိတ်ဆက်ပါဝင်နိုင်တဲ့၊ ချော့မွေ့တဲ့ ငွေပေးချေမှုဂေဟစနစ်ကို ဖန်တီးခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် စံပြဘဏ်အဖြစ် ရှိနေတဲ့ ရိုးမဘဏ်ရဲ့ အဓိက အားသာချက်ကို အထောက်အပံ့ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ ကျွန်တော်တို့ ရိုးမဘဏ်ရဲ့ ဒီဂျစ်တယ်ခရီးလမ်းမှာ နာမည်ကျော်ကြားတဲ့ ငွေပေးချေမှုဆိုင်ရာ နည်းပညာကုမ္ပဏီ Mastercard နဲ့ အတူတကွ လက်တွဲဆောင်ရွက်ဖို့ အတွက် စိတ်အားထက်သန်နေပါတယ်။ အဆင့်မြင့် ဒီဂျစ်တယ်ငွေပေးချေမှု နည်းလမ်းတွေက တစ်ဆင့် Customer တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ မျှော်မှန်းတဲ့ ရိုးမဘဏ်ရဲ့ ရည်မှန်းချက်ကိုအကောင်အထည်ပေါ်အောင် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ ရိုးမဘဏ်ရဲ့ အမှုဆောင်အရာရှိချုပ် Dean Cleland က ပြောကြားခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါမှာ နိုင်ငံတိုင်းရဲ့ စီးပွားရေးနဲ့ လူတိုင်းအပေါ် ကြီးမားစွာ သက်ရောက်မှုများရှိခဲ့ပြီး အားလုံးပါဝင်နိုင်သော ဘဏ္ဍာရေးစနစ်ဖြင့် ပြည်သူအားလုံး ပြန်လည် နာလန်ထူလာစေရန် ခိုင်မာသော အခြေခံအုတ်မြစ်တည်ထောင်ရာတွင် ငွေပေးချေမှုအား ဒီဂျစ်တယ်စနစ်သို့ အသွင်ကူးပြောင်းခြင်းရဲ့ အရေးပါမှုတွေကို ထင်ဟပ်စေခဲ့တယ်လို့ ဆိုပါတယ်။

“Mastercard အနေနဲ့ ရိုးမဘဏ်နဲ့ လက်တွဲပြီး ငွေသားမဲ့စနစ်သို့ ဦးတည်တဲ့ ရိုးမဘဏ်ရဲ့ ခရီးလမ်းမှာ ငွေပေးချေမှုဆိုင်ရာ တီထွင်ဖန်တီးသူအဖြစ်သာမက ကမ္ဘာ့ ဒီဂျစ်တယ်စီးပွားရေးဆီသို့ အောင်မြင်မှု လမ်းစအဖြစ် ဆောင်ရွက်နိုင်ဖို့ ဝမ်းမြောက်ဝမ်းသာ ပံ့ပို့းပေးသွားမှာဖြစ်ပါတယ်။ Mastercard အနေနဲ့ အားလုံးပါဝင်နိုင်တဲ့ ဒီဂျစ်တယ်စီးပွားရေးကို ဖော်ဆောင်ဖို့ မြန်မာနိုင်ငံက အစိုးရအဖွဲ့အစည်းတွေ၊ ဘဏ္ဍာရေး ကဏ္ဍက ဦးဆောင်သူတွေနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်” လို့ Mastercard ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ Country Manager ဖြစ်သူ Aileen Chew က ပြောကြားခဲ့ပါတယ်။

-အောင်သူ