မြန်မာနိုင်ငံရှိတက္ကသိုလ် ၁၄ ခုတွင် ဒီဂျစ်တယ်နည်းပညာတတ်မြောက်မှု ပရိုဂရမ်များပြုလုပ်မည်

Mytel နဲ့ မြန်မာစာပေပံ့ပိုးကူညီမှုနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး ပရဟိတအဖွဲ့(MBAPF) တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ် ၁၄ ခုရှိ ကျောင်းသား၊ ကျောင်းသူတွေကို ဒီဂျစ်တယ်စာတတ်မြောက်မှု ပရိုဂရမ်များ ပြုလုပ်ပေးရေးအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို နိုဝင်ဘာ ၂၇ ရက်၊ နေ့လယ် ၂ နာရီက နေပြည်တော်ရှိ Park Royal ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

အဆိုပါ နားလည်မှုစာချွန်လွှာအရ Mytel ဟာ ဒီဂျစ်တယ်နည်းပညာတတ်မြောက်မှု ပရိုဂရမ်ရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ ဝါရှင်တန်တက္ကသိုလ် လူမှုအဖွဲ့အစည်း အသွင်ကူးပြောင်းရေး အစီအစဉ်မှာ အချက်အလက်ပိုင်းဆိုင်ရာ နည်းဗျူဟာများကို သင်ကြားပို့ချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ပို့ချမှု အစီအစဉ်ကို MBAPF အပြင် ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး တက္ကသိုလ် ၁၄ ခုရှိ ကျောင်းသား၊ ကျောင်းသူပေါင်း ၄၉ ,၅၂၅ ဦးကို သင်ကြားပို့ချသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၀ ဇူလိုင်လအထိ တစ်လကို သင်ခန်းစာနှစ်ခုနှုန်းနဲ့ ပို့ချပေးသွားမှာ ဖြစ်တယ်လို့ Mytel ရဲ့ ပြင်ပဆက်ဆံရေးအရာရှိချူပ် ဦးဇော်မင်းဦးက ပြောပါတယ်။

သင်ကြားပို့ချမယ့် သင်တန်းတွေက ICT နှင့် Cloud Computing ကိုမိတ်ဆက်ခြင်း၊ Cloud Stroages, အွန်လိုင်းလုံခြုံမှုနှင့် ဝေဖန်တွေးခေါ်မှုများ၊ Google စာသင်ခန်းများအပြင် Youtube သင်ခန်းစာတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဂျစ်တယ်နဲ့ သတင်းအချက်အလက်နည်းပညာဆိုင်ရာ သင်တန်းတစ်ခုစီတိုင်းကို ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ဆေးတက္ကသိုလ် (၁)၊ ပြည်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (မအူပင်)၊ နည်းပညာတက္ကသိုလ် (ဟင်္သာတ)၊ နည်းပညာတက္ကသိုလ်(ပုသိမ်)၊ နည်းပညာတက္ကသိုလ် (ပဲခူး)၊ နည်းပညာတက္ကသိုလ် (ဘားအံ) အစိုးရနည်းပညာကောလိပ် (မိုးညှင်း)၊ အစိုးရနည်းပညာကောလိပ် (မြင်းခြံ)၊ နည်းပညာတက္ကသိုလ် (စစ်ကိုင်း)၊ နည်းပညာတက္ကသိုလ် (ချောက်) စတဲ့ တက္ကသိုလ် ၊ ကောလိပ်များမှ သက်ဆိုင်ရာဆရာ/ဆရာမ အယောက် (၃၀) ကို ပို့ချပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

-ကျော်ဇေယျ