မြန်မာနိုင်ငံရဲ့ e-Government ညွှန်းကိန်းမှာ အာဆီယံဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ပျမ်းမျှအောက်ရောက်နေဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

မြန်မာနိုင်ငံရဲ့ လက်ရှိ e-Government ညွှန်းကိန်းမှာ နိုင်ငံတကာတွင် အဆင့်တိုးတက်သော်လည်း အာဆီယံဒေသတွင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်ပါက ပျမ်းမျှအောက်ရောက်နေသေးကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဖေဖော်ဝါရီ ၁၈ ရက် (ယနေ့) နေပြည်တော်ရှိ MICC 2 မှာကျင်းပတဲ့ 4th eGOVERNMENT Conference ICT Exhibition အခမ်းအနားမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ e-Government ညွှန်းကိန်းကိုကြည့်ပါက ၂၀၁၆ ခုနှစ်က နိုင်ငံပေါင်း ၁၉၃ နိုင်ငံအနက် အဆင့် ၁၆၉ ၊ ၂၀၁၈ ခုနှစ်မှာ အွန်လိုင်းဝန်ဆောင်မှုများနဲ့ ဆက်သွယ်ရေးအခြေခံအဆောက်အဦတွေ အထူးသဖြင့် မိုဘိုင်းဆက်သွယ်ရေးမှာ တိုးတက်လာတဲ့အတွက် ၁၅၇ အဆင့်ကို တိုးတက်လာခဲ့ကြောင်း၊ ညွှန်းကိန်းတန်ဖိုးတွေဟာ အာဆီယံဒေသတွင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်ပါက ပျမ်းမျှအောက်ရောက်နေသေးတာကို တွေ့နေရသေးကြောင်း၊ ဒါကြောင့် ဒီထက် ပိုကြိုးစားရန်လိုအပ်သလို ဒီကဏ္ဍမှာမှ မဟုတ်ဘဲ တခြားကဏ္ဍမှာလည်း ကမ္ဘာ့အဆင့်နဲ့တက်လာတယ်ဆိုပေမယ့် အာဆီယံအဆင့်မှာ မတက်လာတဲ့အတွက် တစ်ခါတစ်ရံ ကျတောင်ကျသွားတာကို တွေ့နေရကြောင်း ပြောကြားခဲ့ပါတယ်။

“အဲ့ဒါက ဘာကိုပြနေလဲဆိုတော့ ကျွန်မတို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေက ကျွန်မတို့ထက် တိုးတက်မှုမြန်တယ် ဆိုတာကို ပြနေတာပါ။ ကျွန်မတို့ဟာ တိုးတက်နေရုံနဲ့မလုံလောက်ဘူး။ တိုးတက်မှုမြန်ဆန်ဖို့က အရေးကြီးပါတယ်။ အဲ့ဒီအတွက်လည်း e-Government အစီအစဉ်တွေက အထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ e-Government ဝန်ဆောင်မှုတွေပေးရာမှာလည်း အားလုံး တန်းတူအသုံးပြုခွင့်ရရှိဖို့ကိုလည်း ဂရုစိုက်ဖို့လိုပါ တယ်။ အားလုံးသိပြီးဖြစ်တဲ့အတိုင်း e-Government ကခရီးရှည်ကြီးတစ်ခုပါ။ မြန်မာနိုင်ငံအနေနဲ့ ဒီခရီးရှည်ကြီးကို ကျော်လွန်သွားနိုင်ဖို့အတွက် ခေတ်အဆက်ဆက် နိုင်ငံဦးဆောင်သူများရဲ့ အမြော်အမြင်နဲ့ ခေါင်းဆောင်မှု၊ ဦးဆောင်မှုဟာ အလွန်အရေးကြီးပါတယ်” လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

-ကျော်ဇေယျ၊ အောင်သက်ကို