မြန်မာနိုင်ငံထုတ် Better HR ဆော့ဖ်ဝဲလ်ကို ဗီယက်နမ်နှင့် သီရိလင်္ကာနိုင်ငံများတွင် အသုံးပြုလျက်ရှိ

မြန်မာနိုင်ငံထုတ် Better HR ဆော့ဖ်ဝဲလ်ကို မြန်မာနိုင်ငံရှိ မြို့ကြီး ၁၈ မြို့ အပြင် ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်မြို့နဲ့ သီရိလင်္ကာနိုင်ငံ၊ ကိုလမ်ဘိုမြို့မှ ကုမ္ပဏီ အသီးသီးတို့က အသုံးပြုလျက်ရှိတယ်လို့ သိရပါတယ်။

ဒေသအလိုက် နိုင်ငံအလိုက် ဝန်ထမ်းဥပဒေတွေနဲ့ ကိုက်ညီမှုရှိအောင် ရေးဆွဲထားပြီး ယခင်က ရုံးတွင်း ရုံးတက်၊ ရုံးဆင်းချိန် မှတ်တမ်းနဲ့ ဝန်ထမ်းရေးရာ မှတ်တမ်းတို့ကို စီမံခန့်ခွဲနိုင်တဲ့ မိုဘိုင်းအက်ပလီကေးရှင်းတစ်ခု ဖြစ်သော်လည်း ယခုအခါ ကုမ္ပဏီများ၊ အဖွဲ့အစည်းများရဲ့အုပ်ချုပ်မှုပိုင်းဆိုင်ရာ ဖြစ်တဲ့ စာရွက်စာတမ်း၊ ပစ္စည်းမှတ်တမ်း၊ ဝန်ထမ်းလစာတို့ အထိပါ စီမံခန့်ခွဲနိုင်တဲ့ ဆော့ဖ်ဝဲလ်တစ်ခု အဖြစ် ပြောင်းလဲခဲ့တယ်လို့ သိရပါတယ်။

“ကျွန်တော့်အနေနဲ့ ကျွန်တော်တို့ ဝန်ထမ်းအဖွဲ့ရဲ့ တစ်နှစ်တာ ကြိုးစားအားထုတ်မှုအပေါ် အင်မတန် ဂုဏ်ယူလျက်ရှိပြီး Customer တွေရဲ့ ကုမ္ပဏီစီမံခန့်ခွဲရေးနဲ့ HR လုပ်ငန်းစဉ်တွေရဲ့ ဒီဂျစ်တယ်နည်းပညာ ကူးပြောင်းမှုမှာ ထိရောက်ပြီး ရလဒ်ကောင်းတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ယခုကဲ့သို့ အသွားအလာ အကန့်အသတ်ရှိတဲ့ ကာလတွေမှာ Better HR လို မိုဘိုင်းဆော့ဖ်ဝဲလ်များ အသုံးပြုခြင်းဖြင့် လုပ်ငန်းလည်ပတ်မှုများမှာ လွန်စွာ အထောက်အကူဖြစ်ပါတယ်။ Work From Home ပြုလုပ်ရာမှာ ပိုမိုအဆင်ပြေစရန် အတွက် တစ်ယောက်နဲ့တစ်ယောက် စကားပြောလို့ရတဲ့ Better HR Chat ကိုလည်း ပိုမို တိုးတက်လာအောင် လုပ်ဆောင်သွားပါ့မယ်”လို့ Better HR ရဲ့ CEO ဖြစ်သူ ဦးရဲမြတ်မင်းက ပြောပါတယ်။

Better HR ကုမ္ပဏီကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလမှာ တရားဝင် စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံ၊ သီရိလင်္ကာနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့မှ ကုမ္ပဏီပေါင်း ၁၅၀ ၊အသုံးပြုသူ ဝန်ထမ်းပေါင်း ၂၅,၀၀၀ ရှိတယ်လို့ သိရပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««