မြန်မာနိုင်ငံတွင် ပိုမိုဖြစ်ထွန်းလာနိုင်မည့် နည်းပညာရေစီးကြောင်း ၅ ခုကို တယ်လီနောလုပ်ငန်းစု၏ သုတေသနပြုလုပ်ခြင်းဆိုင်ရာဌာနမှ ထုန်ပြန်ခဲ့

တယ်လီနောလုပ်ငန်းစုရဲ့ သုတေသနပြုလုပ်ခြင်းဆိုင်ရာဌာနမှ ၂၀၂၀ ခုနှစ်တွင် မြန်မာနှင့်ကမ္ဘာတစ်ဝန်း ပုံဖော် သွားမယ့် နည်းပညာသစ်တွေနဲ့ ရေစီးကြောင်းသစ်တွေအပေါ် ခန့်မှန်းချက် “တယ်လီနော – ၂၀၂၀ ကို ပုံဖော်သွားမည့် နည်းပညာရေစီးကြောင်း (၂၀)” ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါ ထိပ်တန်းနည်းပညာရေစီးကြောင်း ၂၀ အနက် ၂၀၂၀ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ပိုမိုဖြစ်ထွန်းလာနိုင်မယ့် နည်းပညာရေစီးကြောင်း ၅ ခုဆိုင်ရာ စာနယ်ဇင်းမိတ်ဆက်ပွဲကို ဇန်နဝါရီ ၁၆ ရက်က တယ်လီနောမြန်မာရုံးချုပ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

“လာမယ့်နှစ် နည်းပညာဆိုင်ရာ ခန့်မှန်းချက်တွေအရ ဆန်းသစ်တီထွင်မှုတွေက အမြန်ဆန်ဆုံးနှုန်းနဲ့ ဖြစ်ပေါ် နေပြီး ခေတ်သစ်နည်းပညာပလက်ဖောင်းတွေနဲ့ လူမှုနိုင်ငံရေးဆိုင်ရာ တွန်းအားပေးမှုတွေကြောင့် အသုံးပြု သူတွေ ပိုမိုများပြားလာမှာဖြစ်သလို အသုံးပြုခွင့်တွေလည်း ပိုမိုရရှိလာမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ တခြားသော နည်းပညာရေစီးကြောင်းတွေအရ ကျွန်တော်တို့ဟာ နည်းပညာလောကရဲ့ အဖွံ့ဖြိုးဆုံး အချိန်တစ်ခုကို ရောက်ရှိနေတာပါ။ ဥပမာ ဒီဂျစ်တယ်သိနားလည်မှုလိုမျိူးပေါ့။ လူတွေဟာ နေ့စဉ်နိုးထလာပြီး မှတ်ဉာဏ်တု၊ စက်ပစ္စည်းတွေရဲ့ သင်ယူနိုင်စွမ်း၊ အင်တာနက်အခြေပြု အသုံးအဆောင် ပစ္စည်းကွန်ရက် (IoT) နဲ့ တီထွင်ဆန်းသစ်ထားတဲ့ ကွန်ရက်သစ်တွေ အပါအဝင် ဘယ်လိုနည်းပညာအသစ်တွေက သူတို့ရဲ့ နေ့စဉ်ဘဝမှာ အကောင်းမွန်ဆုံးဖြစ်မလဲ၊ သူတို့ရဲ့ ဘဝမှာ အရေးပါဆုံးသူတွေ၊ အရာတွေနဲ့ လုံလုံခြုံခြုံ ဘယ်လို ချိတ်ဆက်ပေးနိုင်မလဲဆိုတာ ဆန်းစစ်လျက်ရှိပါတယ်။ နည်းပညာဆိုတာကို စာလေး တစ်ကြောင်းနဲ့ စာဖွဲ့နေလို့မရတော့ပါဘူး။ ကျွန်တော်တို့ နေထိုင်ရပ်တည်နေတဲ့ ကမ္ဘာနှစ်ခုလုံးမှာ ပိုမိုကျယ်ပြန့်ပြီး တစ်ခါတစ်ရံ ဝိရောဓိဖြစ်စရာ အကြောင်းအရာတွေကို နားလည်ဖို့ရယ်၊ ကျွန်တော်တို့ ဘဝတွေကို ပြန်လည်ပုံသွင်းပေးနိုင်မယ့် အရေးကြီးဆုံး တိုးတက်ဖွံ့ဖြိုးမှုတွေအပေါ် ရည်ရွယ်ဖန်တီးနိုင်ဖို့က ကျွန်တော်တို့ရဲ့တာဝန်ဖြစ်ပါတယ်” လို့ တယ်လီနောရဲ့ သုတေသနပြုလုပ်ခြင်းဆိုင်ရာဌာန အကြီးအကဲဖြစ်သူ Bjørn Taale Sandberg က ပြောကြားခဲ့ပါတယ်။

ထုတ်ပြန်ချက်မှာပါဝင်တဲ့ ထိပ်တန်းနည်းပညာရေစီးကြောင်း ၂၀ အနက် ၂၀၂၀ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ပိုမိုဖြစ်ထွန်းလာနိုင်မယ့် နည်းပညာရေစီးကြောင်း ၅ ခုမှာ သဘာဝပတ်ဝန်းကျင် မထိခိုက်စေမယ့် ကာဗွန် အသုံးပြုမှုနှုန်း လျော့နည်းစေတဲ့ နည်းပညာကဏ္ဍ၊ လူမှုကွန်ရက်ချိတ်ဆက်အသုံးပြုတဲ့ ဆိုရှယ်မီဒီယာနည်းပညာ ပလက်ဖောင်းများအပေါ် ယုံကြည်မှုဆိုင်ရာကဏ္ဍ၊ eSIM (ဆင်းမ်ကတ်မဲ့ ဆက်သွယ်ရေးဝန်ဆောင်မှု) နည်းပညာ ကဏ္ဍ၊ အွန်လိုင်းဖျော်ဖြေမှုဆိုင်ရာ ရုပ်သံလိုင်းဝန်ဆောင်မှုနည်းပညာကဏ္ဍ၊ ကမ္ဘာအနှံ့မှ ဂိမ်းကစားသူများနှင့် အချိန်မရွေး၊ နေရာမရွေး ချိတ်ဆက်ကစားနိုင်တဲ့ အွန်လိုင်းဂိမ်းကဏ္ဍတို့ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း