မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ Coronavirus Disease 2019 (Covid-19) ကာကွယ်ရေးတွင် ပါဝင်လှုပ်ရှား

နိုင်ငံတော်အစိုးရ၏ မူဝါဒလမ်းညွှန်မှု၊ ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၊ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်းနဲ့ ပြည်တွင်းပြည်ပ မှ ပညာရှင်များ ပူးပေါင်းကာ Coronavirus Disease 2019 (Covid-19) ကာကွယ်ရေးအတွက် ဆောင်ရွက်ချက်တွေ လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်အနေနဲ့ ဆက်သွယ်ရေးကုမ္ပဏီများ၏ ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး တင်ပြညှိနှိုင်းခြင်း၊ ဆိုရှယ်မီဒီယာများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိခြင်း၊ Crowd Funding Platform တစ်ခု တည်ထောင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိခြင်း အပြင် နည်းပညာဆိုင်ရာစီမံကိန်းများကို ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအတွင်းနေထိုင်ကြသော မိဘပြည်သူများ၊ လုပ်ငန်းများနှင့် ကျောင်းသား၊ ကျောင်းသူတွေအတွက် Coronavirus Disease 2019 (Covid-19) ကာကွယ်ရေးအချိန်ကာလအတွင်း မိမိတို့၏ နေအိမ်မှနေကာ အေးဆေးစွာ အလုပ်လုပ်နိုင်စေရန်နှင့် ပညာလေ့လာသင်ယူနိုင်စေရန် ဆက်သွယ်ရေးလုပ်ငန်းများရဲ့ မိုဘိုင်းဒေတာများသုံးစွဲရာတွင် မိုဘိုင်းဒေတာအသုံးပြုသူများ သက်သာစွာ သုံးစွဲနိုင်ရေးအတွက် Price Floor (ကြမ်းခင်းစျေးနှုန်းများ) သတ်မှတ်ခြင်းကို ဖြေလျှော့ပေးနိုင်ရေး၊ e-learning site များကို ကာလတစ်ခုအတွင်း အခမဲ့ သို့မဟုတ် မိုဘိုင်းဒေတာနှုန်းထားသက်သာစွာဖြင့် အသုံးပြုခွင့် ရရှိနိုင်ရေး၊ Video Conferencing နှင့် Online Collaboration လုပ်နိုင်ရန်အတွက် MS Teams, Google Hangouts, Slack, Zoom, WebEx, Skype အစရှိသော platform များကို ကာလတစ်ခုအတွင်း အခမဲ့ သို့မဟုတ် မိုဘိုင်းဒေတာ နှုန်းထားသက်သာစွာဖြင့် အသုံးပြုခွင့် ရရှိနိုင်ရေး၊ Facebook နဲ့ Viber တွေမှာ Coronavirus Disease 2019 (Covid-19) ကာကွယ်ရေးအတွက် တရားဝင် သတင်းထုတ်ပြန်နေသော စာမျက်နှာများ Verified profiles (blue badges) များရရှိရန် ညှိနှိုင်းဆောင်ရွက်ခြင်း၊ Coronavirus Disease 2019 (Covid-19) ကာကွယ်ရေးအတွက် သတင်းအမှားများ ပပျောက်အောင် တိုက်ဖျက်ရန်နှင့် သတင်းမှန်များ ပြန့်ပွားရန် ကူညီဆောင်ရွက်ခြင်းများကို လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းရှိ မြန်မာလူမျိုးများသည် အမျိုးသားရေးအတွက် ဝိုင်းဝန်းကူညီ လှူဒါန်းလိုကြပြီး အလှူရှင်ကြီးများအနေနဲ့ သက်ဆိုင်ရာ အစိုးရဌာနများနှင့် ကုန်သည်စက်မှုအသင်းချုပ် UMFCCI တို့ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အလှူရှင်ငယ်များ (Micro Donations) နဲ့ ပြည်ပရောက် မြန်မာများအတွက် အွန်လိုင်းမှ လှူဒါန်းနိုင်မယ့် Crowd Funding Platform တစ်ခုထူထောင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

နည်းပညာဆိုင်ရာစီမံကိန်းတွေအနေနဲ့ Coronavirus Disease 2019 (Covid-19) ကာကွယ်ရေးနှင့်ဆိုင်သော ဗဟုသုတများ၊ လိုက်နာရမည့်စည်းကမ်းများ၊ သတင်းများအား မိဘပြည်သူများ အလွယ်တကူ ဝင်ရောက်လေ့လာနိုင်ရန် Covid-19 Portal တစ်ခု တည်ဆောက်ခြင်း၊ Coronavirus Disease 2019 (Covid-19) ကာကွယ်ရေးအတွက် Chat Bot များအားတည်ဆောက်ခြင်း၊ အသုံးလိုသည့် ဌာနဆိုင်ရာများအတွက် နည်းပညာကူညီထောက်ပံ့ခြင်း၊ Coronavirus Disease 2019 (Covid-19) ကာကွယ်ရေးကာလအတွင်း ကူးစက်ခံရသူနှင့် သံသယရှိသူတွေအတွက် Quarantine Reporting နှင့် Tracing App များ အကောင်အထည်ဖော်ခြင်း Coronavirus Disease 2019 (Covid-19) ကာကွယ်ရေးနှင့် အခြားအုပ်ချုပ်ရေးလုပ်ငန်းစဉ်များအတွက် လိုအပ်တဲ့နည်းပညာများ အသင့်ပြင်ဆင်ထားခြင်းများကို ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

ဆောင်ရွက်ချက်များနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက ဦးအောင်ကျော်မိုး ဖုန်း – ၀၉၅၀၂၁၄၅၆၊ ၀၉၄၀၁၆၇၆၃၆၀ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ