မျက်နှာမှတ်သား သိရှိမှုနှင့် ကိုယ်ပိုင်အခွင့်အရေး

ဗီဒီယိုရိုက်ချက်များ၊ ဓာတ်ပုံ ရိုက်ချက်များကနေရရှိခဲ့တဲ့ ဒီဂျစ်တယ်ပုံရိပ်တစ်ခုကို အခြေခံကာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ဖော်ထုတ်ပေးနိုင်စေတဲ့ နည်းပညာကို တီထွင်အသုံးချနိုင်ခဲ့ကြတယ်။ အသုံးချပုံ နည်းလမ်းကတော့ အမျိုးမျိုးရှိကြတယ်။ ယေဘုယျအားဖြင့် လူ့မျက်နှာ အသွင်အပြင် အမှတ်အသားကို အခြေခံကာ ထုတ်ပေးတဲ့မျက်နှာ မှတ်သားသိရှိမှုနည်းပညာ (Facial Recognition Technology) ကို အသုံးပြုကြလေ့ရှိတယ်။ ပညာရပ်ပိုင်းဆိုင်ရာ ဝေါဟာရအနေနဲ့ ဇီဝဆိုင်ရာ အသိဉာဏ်တု (Biometric Artificial Intelligence) လို့သိရှိ နားလည်ထားနိုင်ပါတယ်။ မူလပထမတွင် ကွန်ပျူတာရဲ့ မှတ် သားသိရှိနိုင်စွမ်း အသုံးချပရိုဂရမ်ကို ဖန်တီးခဲ့ကြတယ်။ နောက်ပိုင်းမှာ တဖြည်းဖြည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်ဖို့ ကြိုးစားရင်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး ပေါ်ပြူလာဖြစ် လာခဲ့တယ်လို့ ဆိုရမှာ ဖြစ်တယ်။ အခုအခါ မိုဘိုင်းပလက်ဖောင်းအထိ အသုံးပြုနိုင်တဲ့ အခြေအနေရှိလာခဲ့တယ်။ အထူးသဖြင့် လေ ဆိပ်ခန်းမများ၊ ရထားဘူတာရုံများ၊ စျေးဝယ်စင်တာများနဲ့ လူ ထူထပ်စွာ သွားလာနေကြသော နေရာများတွင်ထားရှိကြတယ်။

မျက်နှာသိရှိမှု ဆော့ဖ်ဝဲပရိုဂရမ်ကို အသုံးချခြင်းအားဖြင့် ရာ ဇဝတ်မှုမဖြစ်ပေါ်စေတဲ့ အဟန့်အတား တစ်ခုအဖြစ် ရလာဒ်ကောင်းများ ရစေသလို ဖြစ်ပေါ်ခဲ့တဲ့ ရာဇဝတ်များရဲ့ သက်သေအဖြစ် ဖော်ထုတ်နိုင်စေတဲ့ အကျိုးဆက်များ ရကြတယ်။ မျက်နှာမှတ်သား သိရှိမှုနည်းပညာအနေနဲ့ ဥပဒေပိုင်းရေးရာ ကိစ္စများ၊ အန္တရာယ်ကင်းရှင်းရေးကိစ္စများနဲ့ ကိုယ်ပိုင်အခွင့်အရေး ကိုယ်ပိုင်လွတ်လပ်ခွင့် ကိစ္စများနဲ့ ဆက်နွယ်ပတ်သက်နေတယ်။

ဇီဝဆိုင်ရာ တိုင်းထွာတွက်ချက် (Biometric) ကို အသုံးပြုကာ မျက်နှာအသွင်အပြင်ကို မြေပုံတစ်ခုသဖွယ် တိုင်းထွာမှတ်သားကာ ကွန်ပျူတာစနစ်ဖြင့် မှတ်သားထားသမျှ သတင်းအချက်အလက် ဘဏ် (Database) ကို ကိုးကားအဖြေ ထုတ်ယူတယ်။ လူတစ်ယောက်ရဲ့ မျက်နှာပြင်ပေါ်မှာရှိတဲ့ နှာခေါင်း၊ မျက်လုံး၊ ပါးစပ်၊ နဖူး၊ ပါးရိုးကအစ မျက်လုံးများရဲ့ အတိုင်းအထွာအားလုံးနဲ့ မှတ်သားသိရှိ နားလည်စေတာ ဖြစ်တယ်။ တစ်နည်းအားဖြင့် လူတစ်ဦး၏ မျက်နှာသက်သေခံ အမှတ်အသား (facial signature) များ ဖန်တီးယူခြင်း ဖြစ်တယ်။ အတိုင်းအထွာ အားလုံးအတွက် ဂဲသြမေတြီ ပညာရပ်နဲ့ အချို့ပညာရပ်များကို အသုံးချယူစေတယ်။ သုတေသနပညာရှင်များရဲ့ အဆိုအရ မျက်နှာမှတ်သား သိရှိစေမှု အသုံးချနိုင်ရေး စျေးကွက်ကြီးက အမေရိကန် နိုင်ငံမှာပင် ၂၀၁၉ ခုနှစ်အတွက် ၃.၂ ဘီလီယံဒေါ်လာ ပမာဏခန့်အထိ ရှိနိုင်ပြီး ၂၀၂၄ ခုနှစ် ရောက်တဲ့အခါ ရ ဘီလီယံဒေါ်လာ ငွေပမာဏရှိလာနိုင်တယ်လို့ မှတ်ချက်ပြုထားတယ်။ အဆိုပါ နည်းပညာအနေနဲ့ ရာဇဝတ်မှုဆိုင်ရာ ထောက်လှမ်းရေး ကိစ္စအတွက် သာမကကုန်ပစ္စည်းဆိုင်ရာ စျေးကွက်ဖြန့်ချိရေး ကိစ္စများတွင်လည်း အသုံးချနေကြတယ်။ ဒါပေမဲ့ မလိုလားအပ်တဲ့ အသုံးချမှုများ ရှိလာနိုင်တယ်လို့ အကြောင်းပြချက်များ ရှိလာခဲ့ပြီး အမေရိကန်နိုင်ငံရဲ့ ပြည်နယ်တချို့မှာ အသုံးပြုခွင့် ပိတ်ပင်တဲ့ ဥပဒေကို ပြဋ္ဌာန်းမှုများ ရှိလာစေရန် ကြိုးစားနေကြတယ်။

ကယ်လီဖိုးနီးယားပြည်နယ် ဥပဒေပြုအဖွဲ့အနေနဲ့ မကြာသေးခင်က ပြည်နယ်ဥပဒေပြဌာန်းချက် တစ်ရပ်အနေနဲ့ facial recognition စနစ်ကို လုံခြုံရေး ကိစ္စများအတွက် အသုံးမပြုရန် ယာယီပိတ်ပင်မှု ရှိခဲ့တယ်။ ထိုနည်းတူစွာ လော့အိန်ဂျယ်မှာလည်း မြို့တော်ဝန် Gavin Newson အနေနဲ့ Body Camera Accountability Act. ကို ပြန်ထားထားတယ်။ လော့စ်အိန်ဂျယ်မြို့ မှာ ၂၀၁၇ ခုနှစ်ကတည်းကစပြီး ရဲအရာရှိတွေအတွက် Axon body camera ကို အသုံးပြုခွင့် ပေးထားခဲ့တာ ဖြစ်တယ်။

Facial recognition နည်းပ ညာတီထွင်ဖြစ်ထွန်းလာတဲ့ သမိုင်းကြောင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် ၁၉၆၀ ခုနှစ်များဆီကစပြီး ပြောဆိုကြရမှာ ဖြစ်တယ်။ ဒီလိုလုပ်ကိုင်နိုင်မယ်ဆိုတဲ့ အယူအဆ တွေးခေါ်ချက်ကို Helen Chen Wolf နဲ့ Woodroe Bledsoe တို့က စတင်ထုတ်ပေးခဲ့တယ်။ လေဆိပ်တို့ ဘဏ်ဌာနများတို့ အစိုးရဌာနကြီးများတို့မှာ စတင်အသုံးပြုမှုကို ၁၉၉၇ ခုနှစ်လောက်က စခဲ့တယ်။ ဒါပေမဲ့ တိကျသေချာတဲ့ အဖြေထုတ်မှုကို ရာခိုင်နှုန်းအားဖြင့် အနည်းငယ်သာ အကျိုးဖြစ်ထွန်းခဲ့တယ်။ မကြာသေးတဲ့ နှစ်အနည်းငယ်ကတော့ တိကျသေချာမှုရာခိုင်နှုန်း ပိုမိုများပြားခဲ့တယ်။ ZN-face လို့ အမည်ရှိတဲ့ ဆော့ဖ်ဝဲပရိုဂရမ်ဆိုပါက မျက်နှာကို တည့်တည့်အခြေအနေသာမက တစောင်းအနေအထားမှပင် သိရှိမှတ်သားစစ် ဆေးပေးနိုင်တဲ့အပြင် မုတ်ဆိတ် တို့ မျက်မှန်တို့ တပ်ဆင်ပါရှိလာ တဲ့တိုင် စစ်ဆေးပေးနိုင်စွမ်းရှိတယ်။ စုဆောင်းထားရှိတဲ့ database ကနေ (၁၃) စက္ကန့် အတွင်း တိုက်ဆိုင်စစ်ဆေးပေးနိုင်တာ ဖြစ်တယ်။

ဗြိတိန်နိုင်ငံမှာလည်း လုံခြုံရေး စီမံချက်အဖြစ် အသုံးပြုနေမှုကို လွှတ်တော်ကိုယ်စားလှယ်များက ရပ်တန်းက ရပ်နိုင်ရန် အဆိုပြုမှုများ ဖြစ်လာခဲ့တယ်။ အထူးသဖြင့် ဖတ်ရှုစစ်ဆေးရရှိတဲ့ ဒီဂျစ်တယ် ပုံရိပ်များကို မလိုလားအပ်သောကိစ္စများတွင် အသုံးပြုမှုကြောင့် လူတစ်ဦးတစ်ယောက်ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ကိုယ်ပိုင်အခွင့်အရေးများ ဆုံးရှုံးရကြောင်း ထောက်ပြကြတယ်။ ဒါပေမဲ့ ဥရောပ နိုင်ငံသားများ မဟုတ်သူ တွေကိုတော့ ဗီဇာအသစ်ထပ်တိုးမှုတိုင်းအတွက် facial recognition ကို အသုံးပြုကာ လပေါင်း ၃၀ တစ်ကြိမ် စစ်ဆေးလေ့ရှိတယ်။ Biometric Residense Permit လို့ သတ်မှတ် ပြောဆိုကြတယ်။ အဆိုပါ ပါမစ်အတွက် database (၄) မျိုးနဲ့ ထားရှိတယ်။ လက်ပွေပုံစံနဲ့ မျက်နှာပြင်ပုံရိပ်ပါ Immigration and Asylum Biometric System၊ မျက်နှပြင်ပုံရိပ်သက်သက်သာပါတဲ့ Passport Office Passport Main Index ၊ အလားတူပုံစံပါတဲ့ Immigration Database Image Store နဲ့ လက်ဗွေရော မျက်နှာပုံရိပ်ပါ ပေါင်းစပ်ပါရှိတဲ့ Biometric Residense Permit document store တို့ ဖြစ်တယ်။

နေရာတိုင်းမှာရှိတဲ့ CCTV များမှာ LFR (Live Facial Recognition) ထည့်သွင်းတပ်ဆင်ထားခြင်းအားဖြင့် ပိုမိုတိကျတဲ့ စစ်ဆေးချက်တွေ ရယူနိုင်တဲ့အတွက် facial recognition ရဲ့ အရည်အသွေးက ရာခိုင်နှုန်းပြည့် နီးပါးတိကျစွာ ဖတ်ရှုစစ်ဆေးပေးနိုင်တဲ့အဆင့် ရောက်သွားချိန်မှာ အမေရန်ကန်နိုင်ငံရဲ့ ပြည်နယ်အချို့နဲ့ ဗြိတိန်နိုင်ငံတို့မှာ ကန့်သတ်ထားတာဖြစ်တဲ့ ဥပဒေသစ်တွေ ထွက်ပေါ်လာတယ်။ လူ့ အခွင့်အရေးရှုထောင့်အရ တား မြစ်ပိတ်ပင်လာမှုများနဲ့ နည်းပညာအပေါ် အားထားရမှုများ ဘယ်လိုချိန်ညှိကြမယ်ဆိုတာကို စောင့်ကြည့်ကြရန်သာ လိုပါတော့တယ်။

-ဦးသောင်းဝင်း(ပန်းချယ်ရီ)