မျက်နှာပြင် ကွေးနိုင်ဆန့်နိုင်တဲ့ စမတ်ဖုန်းထုတ်လုပ်ရန် Doogee စီစဉ်နေ

LG နဲ့ Samsung ဟာ မျက်နှာပြင်ကွေး display တွေကို ထုတ်လုပ်ဖို့ ကြိုးစားနေတာ နှစ်အနည်းငယ်ရှိပါပြီ။ Samsung အနေနဲ့ မျက်နှာပြင်ကွေး ထုတ်ကုန်ဖြစ်တဲ့ Galaxy Round ကို ဖြန့်ချိခြင်းရှိခဲ့သလို LG ကလည်း မျက်နှာပြင်ကွေး LG G Flex မျိုးဆက်နှစ်ခုကို ဖြန့်ချိထားပါတယ်။ LG G Flex ကို အိတ်ကပ်ထဲ ထည့်ထားတဲ့အခါမှာ အနေအထားအမျိုးမျိုးပေါ် မူတည်ပြီး ကွေးလွယ်ဆန့်လွယ် ဖြစ်အောင် ပြုလုပ်ထားပါတယ်။

https://twitter.com/evleaks/status/930793218073137153

Doogee ဟာ မျက်နှာပြင်ကွေး စမတ်ဖုန်းတစ်မျိုးကို ထုတ်လုပ်ဖို့ရှိတယ်လို့ Evan Blass လို့ခေါ်တဲ့ @Evleaks က ဓာတ်ပုံနှစ်ပုံနဲ့ ဖော်ပြခဲ့ပါတယ်။

အဲဒီ display ဟာ 18.5:9 ဖြစ်ပြီး RAM 6 GB နဲ့ storage 128 GB ပါဝင်လာဖွယ်ရှိပါတယ်။ ဓာတ်ပုံထဲမှာ ကွေးနိုင်ဆန့်နိုင်တဲ့ display ကို ဖော်ပြထားသလို Doogee အမှတ်တံဆိပ်လည်း ပါဝင်လာပါတယ်။ ဓာတ်ပုံထဲက display ဟာ ရှေ့ပြေးပုံစံတစ်ခုလည်း ဖြစ်ဖွယ်ရှိပါတယ်။

Doogee ဟာ ဒီနှစ်အတွင်းမှာ ဘေးဘောင်မပါဝင်လုနီးပါး စမတ်ဖုန်း Doogee Mix ကို ထုတ်လုပ်ထားခဲ့ပါတယ်။ Doogee အနေနဲ့ LG G Flex လို စမတ်ဖုန်းမျိုးကို ထုတ်လုပ်ပြီး ဈေးကွက်မှာ နေရာတစ်ခု ရယူနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

စိုးထက်
Ref: GSMArena