မျက်နှာပြင်နှစ်ခုပါဝင်တဲ့ ZTE Axon Multy စမတ်ဖုန်းကို ၆.၈ လက်မ tablet အဖြစ် အသုံးပြုနိုင်မည်

Samsung, AT&T နဲ့ ZTE တို့ဟာ ခေါက်ထားနိုင်တဲ့ မျက်နှာပြင်တွေပါဝင်တဲ့ ထုတ်ကုန်ကို မိတ်ဆက်ဖို့အတွက် ပူးပေါင်းခဲ့ပါတယ်။ အဲဒီ ကုမ္ပဏီသုံးခုက Axon Multy လို့ခေါ်တဲ့ မျက်နှာပြင်နှစ်ခု ပါဝင်တဲ့ စမတ်ဖုန်းကို ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။

Axon Multy စမတ်ဖုန်းမှာ ခေါက်ထားနိုင်မယ့် မျက်နှာပြင်နှစ်ခု ပါဝင်မှာဖြစ်ပြီး Axon Multy ကို ခေါက်ထားလိုက်တဲ့အခါမှာ မျက်နှာပြင်နှစ်ခုဟာ ရှေ့ဘက်နဲ့ ကျောဘက် ရောက်သွားမှာပါ။ မျက်နှာပြင်တစ်ခုစီရဲ့ ရုပ်ထွက်အရည်အသွေးက 1,920x 1,080 ဖြစ်ပါတယ်။

ခေါက်ထားတဲ့ မျက်နှာပြင်နှစ်ခုကို ဖြန့်လိုက်တဲ့အခါမှာ အရွယ် ၆.၈ လက်မ မျက်နှာပြင်အဖြစ် ပြောင်းလဲသွားမှာဖြစ်ကာ Axon Multy အထူကတော့ ၁၀ မီလီမီတာခန့် ရှိနိုင်ပါတယ်။

Axon Multy မှာ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ Qualcomm ရဲ့ Snapdragon 820 အပြင် RAM 4GB, storage 32GB နဲ့ ဘက်ထရီ 3,120mAh တို့ပါဝင်လာနိုင်ပါတယ်။ ကင်မရာပိုင်းမှာ လုပ်ဆောင်ချက်အမျိုးမျိုး အသုံးပြုနိုင်တဲ့ 20 megapixel sensor ပါဝင်လာနိုင်ဖွယ်ရှိပါတယ်။

Axon Multy မှာ ရုပ်ထွက်အရည်အသွေး 1,920 x 2,160 mini-tablet mode အဖြစ် ပြောင်းလဲအသုံးပြုနိုင်မယ့် ZTE software လည်း ပါဝင်လာမယ်လို့ သိရပါတယ်။

Axon Multy ကို ဒေါ်လာ ၆၅၀ နဲ့ အောက်တိုဘာလလယ်မှာ AT&T ကရောင်းချသွားမယ်လို့ ဆိုပါတယ်။

-စိုးထက်
Ref: VentureBeat