မဲပေးသူ သတင်းအချက်အလက် စင်တာကို Facebook ဖန်တီး

Facebook ဟာ အွန်လိုင်းပေါ်မှာ မဲပေးသူ သတင်းအချက်အလက် စင်တာကို ဖန်တီးလိုက်ပါတယ်။

အဲဒီ အစီအစဉ်က ၂၀၂၀ အမေရိကန်ရွေးကောက်ပွဲအတွင်း ဆန္ဒမဲပေးဖို့ လူ ၄ သန်း စာရင်းသွင်းကြဖို့ အစီအစဉ်တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ Facebook စီအီးအို မာ့ခ်ဇူကာဘတ်က ပြောခဲ့ပါတယ်။ USA Today ရဲ့သဘောထားအမြင်ကဏ္ဍမှာ ဇူကာဘတ်က စင်တာအသစ်နဲ့ပတ်သက်ပြီး ပြောထားပါတယ်။ အခုစင်တာအသစ်မှာ မဲကို ဘယ်လိုနဲ့ ဘယ်အချိန်မှာ ပေးနိုင်တဲ့အကြောင်း၊ မဲပေးဖို့ စာရင်းသွင်းပုံ၊ စာကတစ်ဆင့် မဲပေးနိုင်ပုံနဲ့ ကြိုတင်မဲပေးတဲ့ ကိစ္စတွေလည်း ပါဝင်မယ်လို့ ဇူကာဘတ်ပြောခဲ့တယ်။ အမေရိကန် လူဦးရေ သန်း ၁၆၀ ကျော်က မဲပေးသူ သတင်းအချက်အလက်စင်တာကို မြင်ရပါမယ်။ အဲဒီ tab က Facebook News Feed ထိပ်ဘက်နဲ့ Instagram မှာပါဝင်လာပါမယ်။ ပြည်နယ်နဲ့ ဒေသဆိုင်ရာ ရွေးကောက်ပွဲကိုယ်စားလှယ်နဲ့ ပတ်သက်တဲ့ အချက်အလက်ကို မြင်တွေ့ရပါမယ်။

“၂၀၂၀ ရွေးကောက်ပွဲက တခြားရွေးကောက်ပွဲတွေထက် ထူးခြားပါတယ်။ စိတ်အလှုပ်ရှားဆုံး ရွေးကောက်ပွဲဖြစ်ခဲ့တယ်။ ကပ်ရောဂါမဖြစ်ခင်နဲ့ ဂျော့ဖလွိုက်အသတ်မခံရခင်တုန်းကပါ။ အမေရိကအတွင်း စနစ်တကျ လူမျိုးရေးခွဲခြားမှု ဖြစ်ရပ်မှန်ကို ရင်ဆိုင်ဖို့ လူများစွာက ကျွန်တော်တို့ကို ဖိအားပေးနေပါတယ်။ လူတွေက ယုံကြည်ကိုးစားမှုကို လိုချင်ကြတယ်။ ဒီမိုကရေစီစနစ်အတွင်း အန္တိမနည်းလမ်းက ကျွန်တော်တို့ ဆန္ဒမဲကတစ်ဆင့် ပြောင်းလဲဖို့ပါ” လို့ ဇူကာဘတ်က ပြောခဲ့ပါတယ်။

အမေရိကန်သမိုင်းအတွင်း အကြီးမားဆုံး ဆန္ဒမဲ သတင်းအချက်အလက် လှုံ့ဆော်မှုဖြစ်ဖို့ Facebook ကကြွေးကြော်ထားပါတယ်။

စိုးထက်
Ref: CNET