
မိမိတို့ မဲဆန္ဒနယ်အလိုက် ကိုယ်စားလှယ်လောင်းများကို VoteMM ဝက်ဘ်ဆိုက်မှတစ်ဆင့် ရှာဖွေနိုင်တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၆ ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လာမယ့် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းများရဲ့ အမည်စာရင်းကို ထုတ်ပြန် ကြေညာခဲ့ပြီးဖြစ်ရာ VoteMM ရဲ့ တတိယအကြိမ် ဗားရှင်းအသစ်မှာ အဆိုပါ အချက်အလက်များကို ထည့်သွင်းခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တစ်ဦး အနေနဲ့ သိသင့်တဲ့အချက်အလက်တွေကို အွန်လိုင်းပေါ်မှာ အလွယ်တကူ ရှာဖွေလေ့လာနိုင်မယ့် VoteMM ဝက်ဘ်ဆိုက်ကို မိတ်ဖက် အဖွဲ့အစည်းများဖြစ်တဲ့ ဖန်တီးရာ (Phandeeyar)၊ ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE), Internews နဲ့ ဒီမိုကရေစီနှင့်ရွေးကောက်ပွဲဆိုင်ရာ အကူအညီပေးရေး နိုင်ငံတကာအဖွဲ့အစည်း (International IDEA) တို့က ပြီးခဲ့တဲ့ မေလ ၂၉ ရက်က စတင် မိတ်ဆက်ခဲ့ပါတယ်။
ဝက်ဘ်ဆိုက်တွင် “မဲဆန္ဒနယ်များ” ကဏ္ဍမှာ ကြည့်ရှုသူများက ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်များကို သာမက ကိုယ်စားလှယ်လောင်းတွေရဲ့ ပါတီနဲ့ သက်ဆိုင်တဲ့ အချက်အလက်များ၊ သတင်းဆောင်းပါးများ အပြင် ပါတီရဲ့ လူမှုကွန်ရက်စာမျက်နှာများကိုပါ တစ်ပါတည်း လွယ်ကူစွာ ဆက်လက်လေ့လာနိုင်ရန် တည်ဆောက်ထားပါတယ်။
-သန္တာ
»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««