မေမေ အမည်ရှိ interactive Viber bot ကို စတင်မိတ်ဆက်

“မေမေ” အမည်ရှိတဲ့ အသုံးပြုသူနဲ့ အပြန်အလှန် ဆက်သွယ်ပြောဆိုနိုင်မယ့် chatbot ကို Viber မှ မိတ်ဆက်လိုက်ပါတယ်။

“မေမေ” chatbot ဟာ ကိုယ်ဝန်ဆောင်၊ ကလေးငယ် ကျန်းမာရေးတွေနဲ့ ပတ်သက်ပြီး ဆရာဝန်တွေနဲ့ အခြားသော ကျန်းမာရေးပညာရှင်များထံမှ အကြံပေးချက်များ၊ ဗဟုသုတများကို အပတ်စဉ် စာတိုပေးပို့မှုများ၊ မေးလေ့မေးထရှိသော မေးခွန်းများမှတစ်ဆင့် အသုံးပြုသူများထံ ပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အသုံးပြုသူတွေအနေနဲ့ ‘မေမေ’ Viber chatbot မှတစ်ဆင့် ကိုယ်ဝန်သက်တမ်း (သို့) ကလေးငယ်ရဲ့ မွေးနေ့ အစရှိတဲ့ အခြေခံ အချက်အလက်တွေကို ဖြည့်သွင်းလိုက်တာနဲ့ တစ်ပြိုင်နက် တစ်ဦးတစ်ယောက်ချင်းစီနဲ့ သက်ဆိုင်တဲ့ ကျန်းမာရေးအကြံပေးချက် စာတိုတွေကို တစ်ပတ်မှာ (၃) ကြိမ် လက်ခံရရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။

” ဒီပလက်ဖောင်းကနေတစ်ဆင့် အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ် ကျန်းမာရေးနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ အကြံပေးချက်တွေ၊ အချက်အလက်တွေကို အလွယ်တကူ ရယူသွားနိုင်မှာပါ။ Viber ဟာ လက်ရှိ မြန်မာနိုင်ငံမှာ လူသုံးအများဆုံး စာတိုပေးပို့မှု အက်ပလီကေးရှင်းဖြစ်တဲ့အပြင် အသုံးပြုသူတွေ အနေနဲ့လည်း အကျွမ်းတဝင်ရှိပြီးသား ပလက်ဖောင်းတစ်ခု ဖြစ်တဲ့အတွက် အမျိုးသမီးတွေနဲ့ အိမ်ထောင်စုတွေ ဆီကို ကျွန်မတို့ရဲ့ဝန်ဆောင်မှုကို ပေးအပ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ အခုလို Viber ပလက်ဖောင်းကနေတစ်ဆင့် ပေးအပ်ဖို့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်” လို့ Koe Koe Tech ရဲ့ Head of Programme-Health ဖြစ်သူ မဟေမာဝင်းက ပြောကြားခဲ့ပါတယ်။

မေမေ chatbot ကို ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ Koe Koe Tech နဲ့ Population Services International တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တဲ့ မေမေ ကိုယ်ဝန်ဆောင်နှင့်ကလေးငယ် ကျန်းမာရေးစောင့်ရှောက်မှု အက်ပလီကေးရှင်း (Google Play Store မှတစ်ဆင့် ဒေါင်းလုတ်ရယူနိုင်) ကို အဆင့်မြှင့်တင်ထားခြင်း ဖြစ်တယ်လို့ သိရပါတယ်။

-ဝေဝေ