မူးယစ်ရာဇာ ပါဘလိုအက်စကိုဘာရဲ့ အစ်ကိုဖြစ်သူ ထုတ်လုပ်တဲ့ Escobar Fold 1

Samsung Galaxy Fold, Huawei Mate X ဒါမှမဟုတ် Razr ဖုန်းသစ်လိုမျိုး ခေါက်စမတ်ဖုန်းသစ်တစ်မျိုး ထွက်ပေါ်လာပါတယ်။ အဲဒီ ဖုန်းအမည်ကတော့ ဒေါ်လာ၃၅၀ တန်ဖိုးရှိ Pablo Escobar Fold 1 ပဲဖြစ်ပါတယ်။

ထူးခြားတာက Fold 1 ကို ကိုလံဘီယာမူးယစ်ရာဇာ ပါဘလိုအက်စကိုဘာရဲ့ အစ်ကိုဖြစ်သူ ရောဘတ်တိုအက်စကိုဘာက ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ Fold 1 မှာ Android 9 အပြင် Qualcomm Snapdragon 8 Series CPU ကိုအသုံးပြုထားပြီး 16-megapixel နဲ့ 20-megapixel ကင်မရာတွေ ပါဝင်လာသလို ၇.၈ လက်မ AMOLED မျက်နှာပြင် ၂ ခု အသုံးပြုထားပါတယ်။ ဒါ့အပြင် fingerprint sensor လည်း ပါဝင်လာပါတယ်။ Fold 1 ဖုန်းကို unlock လုပ်ထားရင် ကမ္ဘာတစ်ဝန်းနဲ့ အမေရိကန်အတွင်းက ကွန်ရက်အားလုံးမှာ အသုံးပြုနိုင်တယ်လို့ Escobar Inc ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ဒေါ်လာ ၃၅၀ တန်ဖိုးရှိ Fold 1 မှာ storage 128GB ပါဝင်ပြီး ဒေါ်လာ ၅၀၀ တန်ဖိုး ဗားရှင်းမှာတော့ storage 512GB ပါဝင်လာပါတယ်။

ရောဘတ်တိုအက်စကိုဘာက Fold 1 ခေါက်စမတ်ဖုန်းနဲ့ Apple ကိုယှဉ်ပြိုင်သွားမယ်လို့ Digital Trends ကို ပြောခဲ့ပါတယ်။ “ကျွန်တော်က Apple ကိုအနိုင်ယူမယ်လို့ လူများစွာကို ပြောခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ကွန်ရက်တွေနဲ့ လက်လီသမားတွေကို အဆက်အသွယ်ဖြတ်ပြီး ဝယ်ယူသူတွေဆီ ဒေါ်လာ ၃၄၉ နဲ့ ရောင်းချပါမယ်။ ခေါက်စမတ်ဖုန်းတွေကို Samsung နဲ့အခြားကုမ္ပဏီတွေက ဒေါ်လာထောင်ပေါင်းများစွာနဲ့ ရောင်းချနေကြပါတယ်။ ကျွန်တော့်ရဲ့ ရည်မှန်းချက်ကတော့ Apple ကိုအနိုင်ယူဖို့ပါ” လို့ပြောခဲ့ပါတယ်။ ရောဘတ်တိုအက်စကိုဘာအနေနဲ့ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်မှာ Apple ဆီက ဒေါ်လာ ၃၀ ဘီလျံအတွက် လူများစွာကိုယ်စားပြုပြီး တရားစွဲဆိုဖို့ စီစဉ်နေပြီး ဥပဒေရေးရာ လုပ်ငန်းစဉ်စတင်ဖို့ ကိုယ်ပိုင် ငွေကြေး ၁ သန်း ကို သုံးစွဲထားပါတယ်။

ရောဘတ်တိုအက်စကိုဘာရဲ့ Fold 1 ဖုန်းဟာ Samsung Galaxy Fold ထက်မာကျောပြီး အထူးပြုလုပ်ထားတဲ့ ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့အတွက် ကွဲကြေဖို့ခက်ခဲတယ်လို့ မှတ်ချက်ပြုထားပါတယ်။

Fold 1 ကိုအထူးလုံခြုံမှုရှိအောင် ပြုလုပ်ထားပြီး Bluetooth ဒါမှမဟုတ် အစိုးရက စစ်ဆေးတာတွေ ပြုလုပ်တဲ့အခါ ခက်ခဲအောင် ပြုလုပ်ထားပါတယ်။ ဖုန်းကာဗာက အခြားဆက်သွယ်ရေးနဲ့ ရေဒီယိုလှိုင်းနဲ့ ခြေရာခံမှု (RFID) ကိုပိတ်ပင်ဖို့ သတ္တုအလွာပါးကို ထည့်သွင်းထားပါတယ်။

စိုးထက်
Ref: Gizmodo