မူပိုင်ခွင့် နစ်နာကြေး ဒေါ်လာ ၁.၆ ဘီလျံရလိုမှုနဲ့ Spotify တရားစွဲဆိုခံရ

Spotify အနေနဲ့ ခွင့်ပြုချက်မရှိဘဲ Tom Petty, Neil Young နဲ့ The Doors တို့လို သီချင်းထောင်ပေါင်းများစွာကို ထုတ်လွှင့်ခဲ့မှုအတွက် တရားစွဲဆိုမှုနဲ့ ရင်ဆိုင်နေရပါတယ်။

သီချင်းတွေအတွက် ခွင့်ပြုချက်ရယူထားသူ Wixen Music ထုတ်လုပ်သူဟာ ပြီးခဲ့တဲ့အပတ်က ကယ်လီဖိုးနီးယားဖက်ဒရယ်တရားရုံးမှာ Spotify ကို တရားစွဲဆိုခဲ့ပါတယ်။ Spotify အနေနဲ့ သီချင်းအသုံးပြုခွင့်အတွက် တေးဂီတထုတ်လုပ်သူဆီက ခွင့်ပြုချက်မရယူခဲ့သလို နစ်နာကြေးလည်း မပေးခဲ့ဘူးလို့ စွပ်စွဲထားပါတယ်။ ထိခိုက်နစ်နာမှုအတွက် ဒေါ်လာ ၁.၆ ဘီလျံရရှိဖို့ Wixen Music ထုတ်လုပ်ရေးက ရည်မှန်းထားတယ်လို့ သိရပါတယ်။

ဆွီဒင်အခြေစိုက် Spotify တေးဂီတထုတ်လွှင့်ရေး ဝန်ဆောင်မှုဟာ သီချင်းရေးဆရာတွေရဲ့ သီချင်းတွေကို အသုံးပြုတဲ့အခါမှာ ခွင့်ပြုချက်မရယူတာ ဒါမှမဟုတ် ငွေကြေးမပေးတာတွေကြောင့် စုပေါင်းတရားစွဲဆို ခံခဲ့ရပါသေးတယ်။ Spotify ဟာ အဲဒီ တရားစွဲဆိုမှုကို ကျေအေးဖို့ ဒေါ်လာ ၄၃ သန်းကျော် ပေးချေဖို့အတွက် ၂၀၁၇ ခုနှစ် မေလမှာ သဘောတူညီခဲ့ပါတယ်။ ကျေအေးမှု ပြီးဆုံးတဲ့နောက်မှာ Spotify ကို Wixen က တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

Spotify ကို လစဉ်ကြေးပေးသွင်း အသုံးပြုနေသူ သန်း ၆၀ ကျော်ရှိပြီး ဒီနှစ်မှာ တန်ဖိုး ဒေါ်လာဘီလျံ ၂၀ ရှိတဲ့ အများပိုင်ကုမ္ပဏီ ဖြစ်လာဖို့ ရည်မှန်းထားတယ်လို့ ရင်းနှီးမြှုပ်နှံမှုဘဏ် GP Bullhound က ပြောပါတယ်။

စိုးထက်
Ref: CNET