မူပိုင်ခွင့်ဥပဒေများပြဋ္ဌာန်းခဲ့ပြီး အဆိုပါဥပဒေများ အာဏာသက်ဝင်နိုင်ရေးနှင့် အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက်ရှိဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ပြောကြား

မြန်မာနိုင်ငံ ဒီဂျစ်တယ် စီးပွားရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း ပထမအကြိမ် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးကို ဇန်နဝါရီ ၃၀ ရက် (ယနေ့) နေ့လယ် ၁ နာရီက အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားတွင် မူပိုင်ခွင့်ဥပဒေများပြဋ္ဌာန်းခဲ့ကာ အဆိုပါဥပဒေများ အာဏာသက်ဝင်နိုင်ရေးနှင့် အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က အဖွင့်အမှာစကားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

“စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေနဲ့ ၂၀၁၇ ခုနှစ် နောက်ပိုင်းကာလမှ စတင်၍ eCommerce လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခဲ့ပြီး ပုဂ္ဂလိက eCommerce အသင်းအဖွဲ့များဖွဲ့စည်းရေး ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။ လက်ရှိအချိန်အထိ ဒီဂျစ်တယ် စီးပွားရေးဆိုင်ရာ လုပ်ငန်းရှင်အသင်း အနေနဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး Tier 2 အဆင့် စီမံကိန်းဖြစ်တဲ့ မြန်မာ့ဝန်ဆောင်မှု ကုန်သွယ်ရေးကဏ္ဍမြှင့်တင်စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တဲ့ digital economy innovation advocacy project ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် ယခုလို ပူးပေါင်းဆောင်ရွက်ခြင်းသည်လည်း ဝမ်းမြောက်ဖွယ်ရာ ကြိုဆိုအပ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုငွေ၊ နည်းပညာ၊ လူအင်အားအရွယ်အစားချင်း မတူညီ၍ မယှဉ်ပြိုင်နိုင်ခဲ့တဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများသည်လည်း ဒီဂျစ်တယ်စီးပွားရေးပုံစံမှာ တူညီမျှစွာ ရင်းနှီးရင်း ရင်ပေါင်တန်း ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။ ဒီဂျစ်တယ် စီးပွားရေးလုပ်ငန်းများ ပိုမိုကျယ်ပြန့်လာတဲ့အတွက် eCommerce, Learning, telemedicine နဲ့ အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေး၊ အွန်လိုင်းဖျော်ဖြေရေး၊ sharing economy စတဲ့ စီးပွားရေးကဏ္ဍအသီးသီး ဘက်စုံဖွံ့ဖြိုး တိုးတက်လာမှာဖြစ်ပါတယ်။ Covid-19 ကပ်ရောဂါ စိန်ခေါ်မှုတွေနဲ့အတူ eCommerce ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာဖို့အတွက် အခွင့်အခမ်းအသစ်များ ပေါ်ပေါက်လာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ကပ်ရောဂါကြောင့် နိုင်ငံတော်ရဲ့ စီးပွားရေးကဏ္ဍအပေါ် သက်ရောက်မှုများစွာ ရှိခဲ့ပြီး စီးပွားရေးလုပ်ငန်းတွေ ဆက်လက်လည်ပတ်နိုင်ဖို့ ကပ်ရောဂါရဲ့ ရိုက်ခတ်မှုဒဏ်ကို ခံနိုင်ရည်ရှိဖို့အတွက် အွန်လိုင်းစီးပွားရေးစနစ်ကို မြန်ဆန်စွာ ကူးပြောင်းလုပ်နိုင်ဖို့ အရေးကြီးတဲ့ အချိန်အခါလည်း ရောက်ရှိလို့နေပြီ ဖြစ်ပါတယ်။ ဒီဂျစ်တယ် အသွင်ကူးပြောင်းရာမှာ အွန်လိုင်းငွေပေးချေမှု ပိုမို အသုံးပြုလာကြသဖြင့် နိုင်ငံတော်က ချမှတ်ထားတဲ့ National Payment Strategy ကို အကောင်အထည်ဖော်ရမှာ ဖြစ်ပါတယ်” လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားခဲ့ပါတယ်။

“စားသုံးသူတွေရဲ့ ယုံကြည်စိတ်ချမှု ပိုမိုရရှိပြီး ရောင်းချသူတွေအတွက်လည်း အကာအကွယ်ပေးနိုင်ရေး၊ အီလက်ထရောနစ် သတင်းအချက်အလက်တွေ လွတ်လပ်လုံခြုံစွာ စီးဆင်းနိုင်ဖို့ ဥပဒေဘောင်တွေကိုလည်း ခေတ်နဲ့အညီ ပြုပြင်နိုင်ရေး၊ ဥပဒေစဉ်းမျဉ်းအသစ်များအရ Covid-19 ကပ်ရောဂါ ကာလအတွင်း offline ကနေ online ကို ကူးပြောင်းမယ့် စီးပွားရေးလုပ်ငန်းများအတွက် အထောက်အကူပြု Good Practice guideline များ ထုတ်ဝေခြင်း၊ SME လုပ်ငန်းများ၊ ဒီဂျစ်တယ်ပလက်ဖောင်းများမှ ကမ္ဘာ့စျေးကွက်သို့ ထိုးဖောက်နိုင်ဖို့ နည်းပညာအကူအညီများ ပံ့ပိုးပေးခြင်း၊ ကပ်ရောဂါအလွန်စိန်ခေါ်မှုများကို ကျော်လွှားနိုင်မယ့် idea တွေကို ဖော်ထုတ်နိုင်မယ့် application တွေကို တီထွင်နိုင်ရေး၊ eCommerce guideline ရေးဆွဲခြင်းနဲ့ eCommerce လုပ်ငန်းတွေကို မှတ်ပုံတင်ပေးနိုင်ဖို့အတွက် ဆောင်ရွက်လျက်ရှိပါတယ်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး eCommerce Law ကို မူကြမ်းရေးဆွဲနိုင်ဖို့ ပြင်ဆင်လျက်ရှိပါတယ်။ ပိုမိုကောင်းမွန်တဲ့ ပြည်သူ့ဝန်ဆောင်မှု ပေးနိုင်ဖို့အတွက် Tradenet 2.0 စနစ်ကိုလည်း အဆင့်အလိုက် အောင်မြင်စွာ အကောင်အထည်ဖော်လျက်ရှိပါတယ်။ ဒီဂျစ်တယ်စီးပွားရေးစနစ် အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ မူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များကိုလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ တီထွင်ဖန်းတီးမှုများကို အကာအကွယ်ပေးနိုင်ရေးအတွက် မူပိုင်ခွင့်ဥပဒေများ ပြဋ္ဌာန်းခဲ့ပြီး အဆိုပါဥပဒေများ အာဏာသက်ဝင်နိုင်ရေးနဲ့ အကောင်အထည်ဖော်နိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီဂျစ်တယ်နည်းပညာနဲ့ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ မူပိုင်ခွင့်ဥပဒေများပါ အခွင့်အရေးများကို ရရှိခံစားနိုင်သကဲ့သို့ လိုက်နာဆောင်ရွက်ရမယ့် အချက်များကိုလည်း ဂရုပြု ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ အမျိုးသားစားသုံးမှုကာကွယ်ရေး အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ eCommerce လုပ်ငန်းများမှာ စားသုံးသူအခွင့်အရေးများ အပြည့်အ၀ရရှိစေဖို့ အစီအမံများကို ထည့်သွင်းရေးဆွဲ ဆောင်ရွက်လျက်ရှိပါတယ်။ စားသုံးသူများအနေနဲ့ မိမိတို့ရဲ့ နစ်နာဆုံးရှုံးမှုများကို တိုင်ဒေသကြီး ပြည်နယ်အသီးသီးတို့မှာ ဖွင့်လှစ်ထားတဲ့ consumer information and complaint center( Cicc) များမှာ သာမက ဝန်ကြီးဌာန ဝက်ဘ်ဆိုက်နဲ့ မိုဘိုင်း application တို့မှာပါ တိုင်ကြားနိုင်တဲ့အတွက် အချိန်တိုအတွင်း တိုင်ကြားမှုများကို ဖြေရှင်းဆောင်ရွက်နိုင်တာ ဖြစ်ပါတယ်။ အစိုးရနဲ့ ပုဂ္ဂလိက နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရမယ့် ခရီးလမ်းဟာ ပုဂ္ဂလိက ကဏ္ဍရဲ့ အကြံပြုချက်များကို ရယူဆောင်ရွက်လျက် နီးကပ်စွာ လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်သွားလိုပါတယ်။ ဒီဂျစ်တယ်စီးပွားရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း အနေနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်များ ကိုယ်စား အစိုးရ ပုဂ္ဂလိက ဆွေးနွေးပွဲများမှာ ပါဝင်ဆွေးနွေးသွားစေလိုပါတယ် “လို့ ထပ်မံ ပြောကြားခဲ့ပါတယ်။

အခမ်းအနားမှာ မြန်မာနိုင်ငံ ဒီဂျစ်တယ် စီးပွားရေးဆိုင်ရာ လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးသောင်းတင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီးနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က အဖွင့်အမှာစကားဆက်လက်ပြောကြားခြင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က အမှာစကားပြောကြားခြင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက အမှာစကားပြောကြားခြင်း၊ COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေသို့ ထည့်ဝင်လှူဒါန်းခြင်း၊ Burmese Ghouls” eSports အသင်းအား ဂုဏ်ပြုသဝဏ်လွှ ပေးအပ်ခြင်း၊ နှစ်ပတ်လည် အစီရင်ခံစာနဲ့ ဘဏ္ဍာရေးရှင်းတမ်းကို အထွေထွေအတွင်းရေးမှူး ဦးသောင်းစုငြိမ်းက ဖတ်ကြားတင်ပြခြင်း၊ စာရင်းစစ်အစီရင်ခံစာကို စာရင်းစစ်အဖွဲ့က ဖတ်ကြားတင်သွင်းခြင်း၊ နှစ်ပတ်လည် အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းကို အတည်ပြုခြင်း၊၂၀၂၁-၂၀၂၃ ခုနှစ် သက်တမ်းအတွက် တာဝန်ထမ်းဆောင်မယ့် အလုပ်အမှုဆောင် အမည်စာရင်းကို ဖတ်ကြားတင်ပြခြင်း၊ အသင်းရန်ပုံငွေအတွက် အလှူငွေပေးအပ်ခြင်း၊ မြန်မာနိုင်ငံ ဒီဂျစ်တယ် စီးပွားရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသောင်းတင်က နိဂုံးချုပ်အမှာစကား ပြောကြားခြင်းများ ပြုလုပ်ခဲ့ပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««