မုဒြာ အွန်လိုင်းပလက်ဖောင်းကို မိတ်ဆက်

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဆက်စပ်ဦးစီးဌာနများနဲ့ Asian Development Bank (ADB) တို့ ပူးပေါင်းပြီး ကနေဒါနိုင်ငံအစိုးရရဲ့ ရန်ပုံငွေပံ့ပိုးကူညီမှုနဲ့ မြန်မာနိုင်ငံပြည်သူလူထု ရာသီဥတုနှင့် ဘေးအန္တရာယ်ဒဏ် ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ရေးအတွက် နည်းပညာစီမံကိန်းအား ၂၀၁၇ ခုနှစ်မှ စတင်ကာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး အဆိုပါ နည်းပညာစီမံကိန်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန အနေနဲ့ Myanmar Unified platform for Disaster Risk Application (MUDRA-မုဒြာ) လို့ အမည်ပေးထားတဲ့ Online Platform တစ်ခုကို အကောင်အထည်ဖော်နိုင်ခဲ့တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ facebook စာမျက်နှာမှတစ်ဆင့် သိရပါတယ်။

MUDRA Platform ကို ဆက်စပ်ပတ်သက်တဲ့ ဌာနဆိုင်ရာအသီးသီးသို့ မိတ်ဆက် ဖြန့်ချိခြင်းနှင့် လက်တွေ့စမ်းသပ်အသုံးပြုခြင်းအခမ်းအနားကို နိုဝင်ဘာ ၇ ရက် နံနက်ပိုင်းက Park Royal Hotel နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားမှာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက MUDRA Platform ကို အောင်မြင်စွာဆောင်ရွက်နိုင်ခြင်းသည် နိုင်ငံတော်က အကောင်အထည်ဖော်ဆောင်ရွက်နေသော eGovernment လုပ်ငန်းအား ဝန်ကြီးဌာနအနေဖြင့် တစ်စိတ်တစ်ဒေသ ဖော်ဆောင်ခြင်းပင် ဖြစ်ကြောင်း၊ အဆိုပါ eGovernment ဦးဆောင်ကော်မတီ၏ နာယက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က eGovernment အမြန်ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ရမည့် အရေးကြီးသည့် အချက် (၃) ချက်ကို လမ်းညွှန်မှာကြားထားပါကြောင်း၊ အဆိုပါ အချက် (၃) ချက်မှာ (၁) ကျွမ်းကျင်မှု၊ (၂) ရင်းနှီးမြှုပ်နှံမှုနှင့် (၃) ပူးပေါင်းဆောင်ရွက်မှုတို့ ဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းများအနက် ကျွမ်းကျင်မှုကို ရရှိနိုင်ရန် အချိန်ယူဆောင်ရွက်ရကြောင်း၊ ထိုနည်းတူစွာ ရင်းနှီးမြှုပ်နှံမှုတွင်လည်း နိုင်ငံ၏ရန်ပုံငွေကြေးရရှိနိုင်မှုအပေါ် မူတည်၍ ဆောင်ရွက်ရသည့်အတွက် အကန့်အသတ်ဖြင့် ဆောင်ရွက်ရကြောင်း၊ တတိယအချက်ဖြစ်သည့် ပူးပေါင်းဆောင်ရွက်မှုသည် လက်ရှိလည်းဆောင်ရွက်နေပြီး ချက်ချင်းဆောင်ရွက်နိုင်သည့် လုပ်ငန်းလည်း ဖြစ်ကြောင်း၊ ယခု MUDRA မှာ eGovernment အတွက် ပူးပေါင်းဆောင်ရွက်မှုရဲ့ နမူနာကောင်းတစ်ခု ဖြစ်ကြောင်း၊ အစိုးရသစ်တာဝန်ယူချိန် ၂၀၁၆ ခုနှစ်မှစတင်ကာ ဝန်ကြီးဌာနအနေဖြင့် ပြည်သူများအတွက် ဘေးဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းရှိသော လူ့အသိုက်အဝန်းတစ်ရပ်ဖြစ်ပေါ်လာစေရန် ဟူသော မူဝါဒကိုချမှတ်ပြီး အလေးထားဆောင်ရွက်ခဲ့ကြောင်း၊ MUDRA Online Platform ကို ယခုကဲ့သို့ မိတ်ဆက်ဖြန့်ချိနိုင်ရေးအတွက် ၂၀၁၇ ခုနှစ်မှစတင်ကာ ဌာနအဖွဲ့အစည်းအသီးသီး၏ ကြိုးပမ်းညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုများဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ မည်သူမဆို အလွယ်တကူ ဝင်ရောက်လေ့လာနိုင်ရန်နှင့် အသုံးပြုနိုင်ရန် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် သဘာဝဘေးဒဏ် ကျရောက်နိုင်ခြေမြင့်မားသော ဧရာ၀တီတိုင်းဒေသကြီးအတွက် ကနဦး သီးခြားဆန်းစစ် လေ့လာမှုများပြုလုပ်ခဲ့ပြီးဖြစ်ရာ ရေဘေး၊ မုန်တိုင်း ဒီရေဘေးနှင့် မုန်တိုင်း လေပြင်းဘေးများ ကျရောက်နိုင်ခြေ ခန့်မှန်းတွက်ချက်ခြင်းနှင့် စီမံခန့်ခွဲမှုလုပ်ငန်းများအတွက် လိုအပ်သော မြို့နယ်အလိုက် အန္တရာယ်ပြမြေပုံများကို ထုတ်ယူနိုင်ပြီဖြစ်ကြောင်း၊ ဒါ့အပြင် ဝန်ကြီးဌာန၏ သိုလှောင်ရုံများ၊ ဘေးဒဏ်ခံအဆောက်အဦများနှင့် ပတ်သက်သော အချက်အလက်များကို လေ့လာနိုင်ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ယခု Platform ပေါ်တွင် ဌာနပေါင်း (၂၆) ခု၏ အချက်အလက်များကို ထည့်သွင်းထားပြီး နောက်ပိုင်းတွင်လည်း သက်ဆိုင်ရာဌာနများက မိမိတို့၏ သတင်းအချက်အလက်များကို အချိန်ကာလ အပိုင်းအခြားပေါ်မူတည်ပြီး နောက်ဆုံးအခြေအနေများကို ဖြည့်သွင်းပေးကြရန် လိုအပ်ကြောင်း၊ MUDRA Platform က ရရှိသော အသိပညာ အချက်အလက်များကိုအသုံးချ၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းများတွင် ပိုမိုထိရောက်အောင် ထိခိုက်ဆုံးရှုံးမှုများကို အစွမ်းကုန်လျှော့ချပေးနိုင်အောင် ပူးပေါင်းကြိုးပမ်း ဆောင်ရွက်နိုင်ကြမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံပြည်သူလူထု၏ သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ပါးစေရေးလုပ်ငန်းစဉ်တွင် ပြည်သူများ သဘောပေါက်နားလည်စေမည့် စွမ်းဆောင်ရည်ရရှိစေခြင်း၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ဘေးဒဏ်ခံနိုင်ရည်ရှိသော ရင်းနှီးမြှုပ်နှံမှုများကို ဆောင်ရွက်နိုင်စေမည့် စွမ်းဆောင်ရည်ရရှိစေခြင်းနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်မှုများအတွက် ရန်ပုံငွေကြေး သတ်မှတ်ဆောင်ရွက်ခြင်း ကိစ္စရပ်များတွင် သိမြင်သဘောပေါက်မှုနှင့် စွမ်းဆောင်ရည်ရရှိစေခြင်းစသော ရလဒ်ကောင်းများဖြင့် အကျိုးပြုနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

-အောင်သူ