မန္တလေးတွင် ကျင်းပမည့် ဖန်တီးရာ Business Challenge 2020 ပြိုင်ပွဲအတွက် လျှောက်လွှာများစတင်ဖိတ်ခေါ်

ဖန်တီးရာမှဦးစီးတဲ့ Tech startup များအတွက် အဓိကထားပြီး နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိတဲ့ Startup Challenge စီးပွားရေးအကြံဉာဏ်ပြိုင်ပွဲကို Business Challenge 2020 အမည်နဲ့ မန္တလေးမြို့မှာ ပထမဆုံးအကြိမ် ပြုလုပ်သွားမယ်လို့သိရပါတယ်။

အဆိုပါပွဲမှာ Startup တွေသာမက မိရိုးဖလာ SME လုပ်ငန်းတွေပါ ပါဝင်ယှဉ်ပြိုင်နိုင်မယ်လို့ သိရပါတယ်။ Business Challenge 2020 ကို မန္တလေးမြို့မှာ ဇန်နဝါရီလ ၂၅ ရက် မှ ဖေဖော်ဝါရီ ၂ ရက်အထိ ၉ ရက်ကြာ ကျင်းပသွားမှာဖြစ်ပြီး နောက်ဆုံးနေ့ပြိုင်ပွဲ မတိုင်မီ ပါဝင်ယှဉ်ပြိုင်သူများအတွက် လုပ်ငန်းပေါ်မူတည်ပြီး လုပ်ငန်းစတင်ခြင်း၊ အရောင်းမြှင့်တင်ခြင်း၊ ဈေးကွက်ချဲ့ထွင်ခြင်းနှင့် လုပ်ငန်းလည်ပတ်ခြင်းတို့နဲ့ ပတ်သက်တဲ့ သင်တန်းတွေကို ၈ ရက်ကြာ ပို့ချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ပြိုင်ပွဲကာလအတွင်း စနေ၊ တနင်္ဂနွေ လေးရက်ပါဝင်ပြီး ဖန်တီးရာမှ နယ်ပယ်အလိုက်ကျွမ်းကျင်သူ ပညာရှင်များမှ လေးရက်အတွင်း သင်တန်းတွေကို တစ်နေကုန် သင်ကြားပို့ချပေးသွားမှာဖြစ်ပြီး ကြားရက်တွေမှာလည်း ရုံးချိန်ပြင်ပ ညနေပိုင်းအချိန်တွေမှာ ကျင်းပပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် မိမိလုပ်ငန်းကို စနစ်တကျ ဖွံဖြိုးတိုးတက်စေရန်နဲ့ ရင်းနှီးမြှုပ်နှံသူများဖိတ်ခေါ်ရာမှာ အဆင်သင့်ဖြစ် စေနိုင်ရန် နည်းပညာကိုအသုံးပြုပြီး မည်ကဲ့သို့လုပ်ဆောင်ရမလဲဆိုတဲ့ အကြောင်းအရာများကိုလည်း ဒီ ၉ ရက် တာ ကာလမှာ ဖန်တီးရာရဲ့ ကျွမ်းကျင်သူများက သင်ကြားပေးသွားမှာဖြစ်ပြီး နောက်ဆုံးနေ့မှာ ရင်းနှီးမြှုပ်နှံသူများထံ မိမိလုပ်ငန်းကို မိတ်ဆက်တင်ပြနိုင်မယ်လို့ သိရပါတယ်။ အနိုင်ရရှိတဲ့အဖွဲ့ကို ဖန်တီးရာမှ လုပ်ငန်းအကောင်အထည် ဖော်ဆောင်နိုင်စေရန် ဆက်လက် ကူညီပံ့ပိုးပေးသွားမယ်လို့ သိရပါတယ်။

ဝင်ကြေးမှာ SME လုပ်ငန်းများအတွက် တစ်ဖွဲ့လျှင်၂၀,၀၀၀ ကျပ်ဖြစ်ပြီး Startup များအတွက် တစ်ဖွဲ့လျှင် ၁၀,၀၀၀ ကျပ်ဖြစ်ကြောင်း၊ ပြိုင်ပွဲမှာ ပါဝင်လိုပါက http://bit.ly/396UmoH မှာ စာရင်းပေးသွင်းနိုင်မယ်လို့ သိရပါတယ်။

Business Challenge 2020 အကြောင်း အသေးစိတ်ကို https://www.facebook.com/phandeeyar နဲ့ Business Challenge 2020 ရဲ့ Event Page မှာ ဝင်ရောက်ကြည့်ရှုနိုင်သလို ၀၉ ၇၈၇၂၄၈၀၈၀ ကိုလည်း ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါတယ်။