ဘာသာစကားနဲ့ အလုပ်အကိုင် အခွင့်အလမ်း

မြန်မာနိုင်ငံရဲ့ စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ နိုင်ငံတကာ ကုမ္ပဏီတွေဟာလည်း အလုံးအရင်းနဲ့ ပြည်တွင်းကို ဝင်ရောက်လာကြပါတယ်။

ဒီလိုမျိုးဝင်ရောက် လာသည်နဲ့တစ်ပြိုင်နက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများလာခဲ့ပြီး အလုပ်အကိုင်နဲ့ ဆက်စပ်ကာ ဘာသာစကား တတ်ကျွမ်းမှုတွေဟာလည်း လုပ်ငန်းလိုအပ်ချက် တစ်ခုဖြစ်လာခဲ့ပါတယ်။

“ပြည်ပကုမ္ပဏီမှာ အလုပ်လုပ်မယ်ဆိုရင် ဘာသာစကား ကျွမ်းကျင်မှုက အဓိကအရေးပါပါတယ်။ ဘာသာစကား ကျွမ်းကျင်မှသာ ပထမအဆင့် အလုပ်အင်တာဗျူး အောင်မှာဖြစ်ပါတယ်။ နေ့စဉ်လုပ်ငန်းခွင်အတွင်းမှာ နိုင်ငံခြားသား လုပ်ဖော်ကိုင်ဖက်များနဲ့ဖြစ်စေ၊ client များနဲ့ဖြစ်စေ နားလည်သဘောပေါက်အောင် ပြောဆိုရှင်းပြနိုင်ရန်နဲ့ meeting တွေမှာ presentation ကောင်းကောင်းလုပ်နိုင်ဖို့ ဘာသာစကား ကျွမ်းကျင်မှုက မရှိမဖြစ်အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်” လို့ ကုမ္ပဏီဝန်ထမ်း မမေမီလင်းထွန်းက ပြောပါတယ်။

ဘာသာစကားကြောင့် အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေကို ရရှိခဲ့ကြပြီး ဘာသာစကား တတ်ကျွမ်းမှုကလဲ များပြားတဲ့လစာကို ရရှိစေတဲ့ အဓိကအကြောင်းအရာ တစ်ခုဖြစ်လို့လာခဲ့ပါတယ်။

ယခုလက်ရှိမှာတော့ အင်္ဂလိပ်ဘာသာစကားကို သင်ကြားပေးနေတဲ့ center တွေ များစွာရှိပြီး တချို့ကျောင်းတွေကတော့ Native တွေနဲ့ သင်ကြားကြတာဖြစ်ပြီး တချို့သောကျောင်းတွေမှာတော့ မြန်မာ အင်္ဂလိပ်စာ ဆရာ၊ ဆရာမတွေက သင်ကြားပေးတာဖြစ်ပါတယ်။

“Native တွေနဲ့ သင်ကြားတာကတော့ ဘယ်လိုပဲဖြစ်ဖြစ်ကောင်းပါတယ်။ ဒါပေမဲ့ ကိုယ်ကအင်္ဂလိပ်စာကို လုံးဝမကောင်းတဲ့ သူတစ်ယောက်အနေနဲ့ Native တစ်ယောက်နဲ့သင်တာက အရမ်းကိုခက်ခဲခဲ့တယ်။ သူ့ဘာသာစကားကို ကိုယ်နားမလည်တဲ့ အခါကျတော့ သင်ယူရတာ အခက်အခဲတွေရှိခဲ့ပါတယ်။ အခုတော့ မြန်မာလူမျိုး အင်္ဂလိပ်စာဆရာမနဲ့ သင်နေပါတယ်။ ကိုယ်မသိတာ မြန်မာလိုရှင်းပြတဲ့အခါကျ အတော်အဆင်ပြေပါတယ်” လို့ လက်ရှိမှာ အင်္ဂလိပ်စာသင်ကြားနေတဲ့ မသန္တာက ပြောပါတယ်။

လက်ရှိမှာလည်း မြန်မာနိုင်ငံရဲ့ ပညာရေးလောကဖွံ့ဖြိုး တိုးတက်လာတာနဲ့အညီ နိုင်ငံတကာအသိအမှတ်ပြု ဒီပလိုမာတွေကိုလည်း ပြည်တွင်းမှာ သင်ကြားလာနိုင်နေကြပါပြီ။ နိုင်ငံတကာအသိအမှတ်ပြု ဒီပလိုမာတွေကို သင်ကြားပေးနိုင်တာနဲ့အညီ သင်ရိုးညွှန်းတမ်းတွေကလည်း အင်္ဂလိပ်လိုသင်ယူရတဲ့အခါ ဒီသင်ကြားမှုအတွက်လိုအပ်တဲ့ အင်္ဂလိပ်
စာအခြေခံကောင်းတွေရှိဖို့ လိုအပ်လာပါတယ်။

“အခုခေတ်ထဲမှာ မရှိမဖြစ်က ဘာသာစကား အင်္ဂလိပ်စာကတော့ လုပ်ကိုလုပ်ရမှာပေါ့နော်။ ဘာလို့လဲဆိုတော့ အင်္ဂလိပ်စာ ကျွမ်းကျင်မှု မြင့်တာနဲ့အမျှ လစာတွေဘာတွေက အရမ်းကိုကွာသွားတယ်” လို့  Strategy First မှ ဆရာအောင်ချစ်ခင်ကလည်း သုံးသပ်ပြောကြားခဲ့ပါတယ်။

ပြည်ပမှာ ကျောင်းတက်ချင်တဲ့ သူတွေအနေနဲ့ IELTS, TOEFL, IGCSE အစရှိတဲ့ အင်္ဂလိပ်စာအရည်အချင်း အသိအမှတ်ပြုလက်မှတ်
တွေကလဲ မရှိမဖြစ်လိုအပ်ချက်တစ်ခုအဖြစ် လိုအပ်နေဆဲဖြစ်ပါတယ်။

“ညီမတို့နိုင်ငံက ဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်တဲ့အချိန်ကစပြီး ပညာရေးအခွင့်အလမ်းတွေ များလာတယ်။ နိုင်ငံခြားကပေးတဲ့ ပညာသင်ဆုတွေကလည်း များလာတယ်။ အဲ့နိုင်ငံတွေကပေးတဲ့ ပညာသင်ဆုရချင်တဲ့စိတ်ကြောင့် အင်္ဂလိပ်စာကို သင်ကြားဖြစ်တယ်။ ညီမကခုကျောင်းသူဆိုတော့ လုပ်ငန်းခွင် အတွေ့အကြုံတော့ သိပ်မရှိပါဘူး။ ဒါပေမဲ့ ကြားဖူးနားဝတွေကို အခြေခံပြီးပြောရမယ်ဆိုရင် လုပ်ငန်းခွင်အတွက်လည်း လိုအပ်ပါတယ်။ ခုနကညီမပြောသလို ပညာရေးသာမက စီးပွားရေးမှာလည်း အခွင့်အလမ်းတွေ များလာပါတယ်။ ခုဆို မြန်မာနိုင်ငံကို လာရင်းနှီးမြှုပ်နှံတာ နိုင်ငံခြားကလည်း များလာပါတယ်။ အဲ့လိုကုမ္ပဏီတွေမှာ လုပ်မယ်ဆိုရင် ကိုယ့်မှာဘာသာစကား တတ်ထားတော့ ပိုအခွင့်အရေးသာပါတယ်။ လုပ်ငန်းခွင်နယ်ပယ်ကတော့ ပိုတတ်တဲ့သူက ပိုအခွင့်အရေးသာစမြဲမို့ တတ်ထားတာကတော့ ကောင်းပါတယ်” လို့ အင်္ဂလိပ်စာနဲ့ ဂျပန်ဘာသာစကားကို လေ့လာနေတဲ့ကျောင်းသူ မသန္တာဦး ကပြောပါတယ်။

ယခုလက်ရှိ မြန်မာနိုင်ငံမှာ ရေပန်းအစားဆုံးနဲ့ သင်ယူမှုများပြားနေတဲ့ ဘာသာစကားတွေကတော့ အင်္ဂလိပ်၊ ဂျပန်၊ တရုတ်နဲ့ ကိုရီးယား
ဘာသာစကားတွေပဲ ဖြစ်ပါတယ်။

ဘာသာစကားနဲ့ အလုပ်အကိုင်အခွင့်အလမ်းအပေါ် သူတို့အမြင်

ကိုအောင်ဖုန်းမြင့်
Connect Instiute (Co-founder)

ဘာသာစကားက ဒီဘက်ခေတ်မှာ အရေးပါလာတယ်ဆိုတာ မှန်ပါတယ်။ လုပ်ငန်းခွင်မှာ ကိုယ့်လူမျိုးချည်းပဲ မဟုတ်တော့ဘူးလေ။ လုပ်ဖော်ကိုင်ဖက်တွေက လူမျိုးခြားတွေများလာပြီ။ အချင်းချင်း ဆက်သွယ်ပြောဆိုဖို့က ဘာသာစကားတွေ ကျွမ်းကျင်ဖို့လိုအပ် လာတာပေါ့။ ဒါပေမဲ့ အဓိက အရေးကြီးဆုံးတော့ မဟုတ်ပါဘူး။ ကိုယ်ပိုင်အရည်အချင်း ရှိဖို့ကသာ အဓိကအရေးကြီးဆုံးပါ။ ဘာသာစကားက လေ့လာသင့်တယ်။ အသေးစိတ်အသုံးချပုံကို လုပ်ငန်းခွင်က သင်သွားပါလိမ့်မယ်။ လုပ်ငန်းခွင်မှာ ကိုယ်ကအရည်အချင်းရှိပြီး Open To Learn ဖြစ်နေဖို့တော့လိုပါတယ်။ ဘာသာစကားကိုပဲ အဓိကထားပြီးတော့ မပြင်ဆင်စေချင်ပါဘူး။ ပင်ကိုယ်အရည်အချင်း တိုးတက်လာအောင် ပြင်ဆင်ရင်း ဘာသာစကားတွေအပြင် တခြားအရည်အချင်းတွေပါ ပြည့်စုံလာပါလိမ့်မယ်။ အဲ့ဒီအခါကျ အလုပ်အကိုင် အခွင့်အလမ်းတွေက သူ့အလိုလို ကိုယ့်နောက်လိုက်လာ ပါလိမ့်မယ်။

မကျော့ကေသရီမင်း
သင်တန်းသူ

ဘွဲ့ရရင်တော့ အလုပ်အကိုင်ကတော့ ရမယ်ဆိုပေမယ့် ဒီမှာသိပ်အဆင်ပြေမယ်လို့တော့ မထင်ဘူး။ တချို့ကျတော့ ဘွဲ့ရပေမယ့် တကယ်တော့ ပညာကမတတ်ကြဘူး။ ပြည်ပမှာကျောင်းသွား တက်တယ်ဆိုရင်တောင် Top Ranking ဖြစ်နေတဲ့ ကျောင်းတွေမှာ တက်ဖြစ်တယ်ဆိုရင်တော့ ပိုပြီးလစာကောင်းကောင်းနဲ့ အလုပ်လုပ်နိုင်မယ်လို့ ထင်တယ်။ ပြင်ပကျောင်းတွေက ကျောင်းသားတွေကို လုပ်ငန်းခွင်ပဲဖြစ်ဖြစ် လိုအပ်လာမယ့်အားလုံးကို ကျောင်းမှာကတည်းက သင်ပေးလိုက်တာ။ ပြီးတော့သူတို့ဆီမှာက တစ်ခါတည်း
Internship ဆင်းရတဲ့အတွက် အလုပ်ထဲရောက်ရင် သက်သက်ကြီး စိမ်းမနေတော့ဘူး။ အလုပ်လုပ်လို့ရှိရင် ပိုပြီးတော့ အဆင်ပြေမယ်လို့ ထင်တယ်။ ဒီကတက္ကသိုလ်တွေလည်း ကောင်းပါတယ်။ ကျောင်းတွေဘယ်လိုပဲ ကောင်းကောင်းပါ ကိုယ်ကြိုးစားမှ ကိုယ်ရမယ်လို့လည်း ထင်ပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပညာရေးအပေါ် သူတို့အမြင်

ဦးဆန်းရီ
YIUS (Managing Director)

ပညာသင်ပြီးရင် ဘာလုပ်မလဲဆိုတာ တချို့တွေက ဘွဲ့ရဖို့ ဘွဲ့လက်မှတ်ရဖို့အတွက်ပဲ ပညာသင်ကြတာ။ တချို့ကကျတော့ တကယ်ကို
အလုပ်လုပ်ဖို့ သင်တာ၊ အဲဒါကို ကွဲကွဲပြားပြားသိဖို့ အကူအညီတယ်။ ဘွဲ့လက်မှတ်ဘဲ ရမယ်ဆိုရင် တကယ်တမ်း လွယ်လွယ်လေးနဲ့ ယူလို့ရတာတွေ အများကြီး ကျောင်းတွေရှိတယ်။ တကယ်ပညာသင်ပြီးတော့ ဒီတတ်တဲ့ပညာနဲ့ အလုပ်လုပ်စားမယ် ဆိုရင်တော့ သေချာရွေးချယ်ဖို့လိုတယ်။ ရွေးချယ်ဖို့ဆိုရင် နံပါတ် ၁ အနေနဲ့ ဘာသာရပ်ကိုရွေးရမယ်။
နောက်တစ်ခါ ကျောင်းကိုရွေးရမယ်။ ကျောင်းကိုရွေးတဲ့အခါမှာ ဒီဘာသာရပ်နဲ့ ကိုယ်ရွေးတဲ့ကျောင်းက ကောင်းလား၊ မကောင်းဘူးလား။ တကယ်လို့ ပြည်ပတက္ကသိုလ်တွေမှာ ပညာသွားသင်ချင်တယ်။ မသင်ချင်ဘူးဆိုတာတွေကို တတ်သိနားလည်တဲ့ ပညာရှင်တွေဆီသွားပြီး ဆွေးနွေးစေချင်တယ်။ ပြီးတော့ မိဘနဲ့သားသမီးတွေကလည်း တိုင်ပင်သင့်တယ်။ ပြီးတော့ ပညာရေးဆွေးနွေးပွဲတွေ သွားတက်စေချင်တယ်။ ဒီနိုင်ငံကလူငယ်တွေမှာ အတွေ့ရများတာက ဘယ်လိုင်းကြောင်းကို ရွေးချယ်ရမယ်ဆိုတာ မသိတာဘဲ။ လူငယ်တော်တော်များများမှာ အဖြေမရှိကြဘူး။ ကျောင်းစာကြီးပဲ ပိနေတာလည်း ပါတာပေါ့။ နောက် ပြင်ပဗဟုသုတ အားနည်းတဲ့အတွက်ကြောင့် အဲဒါတွေကိုမသိတာလည်းပါတယ်။ အဲဒါကလည်း အရေးကြီးတယ်။ စာသင်တဲ့အချိန်တွေမှာပါ ပြင်ပဗဟုသုတကိုလည်း ရှာရမယ်။

ကိုအောင်ဖုန်းမြင့်
Connect Institute (Co-founder)

ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်း ဆက်စပ်မှုကို ကြည့်မယ်ဆိုရင် လူတော်တော်များများက လုပ်လေ့ရှိတာတစ်ခု ရှိပါတယ်။ အများစုက ခေတ်စားတဲ့ပညာရပ်တွေကို လိုက်သင်ကြတယ်။ ဥပမာကိုယ်က ဆရာဝန်မဖြစ်ချင်ဘူး။ ဝါသနာမပါဘူး။ အိမ်က ဆရာဝန်လုပ်ခိုင်းတယ်။ ဆရာဝန်က ဂုဏ်ရှိတယ်။ ပိုက်ဆံအများကြီး ရှာနိုင်တယ်ဆိုပြီး ဆရာဝန်လိုင်းကို ရွေးချယ်ပြီးကာမှ တကယ်သင်ကြားရတဲ့အခါမှာ ကိုယ်က ဆေးပညာရပ်ကို စိတ်မဝင်စားဘူး၊ စိတ်မဝင်စားတော့
အဲ့ဒီအပိုင်းမှာ ထူးချွန်တဲ့သူ ဖြစ်မလာတော့ဘူး။ ခေတ်ရေစီးကြောင်းက အမြဲပြောင်းလဲနေပြီး တိုးတက်နေတာ ဖြစ်တဲ့အတွက် အသစ်အသစ်တွေက အမြဲပေါ်ပေါ်လာနိုင်တယ်။ တကယ်တော့ ပညာသင်တယ်ဆိုတာ ဘယ်လိုလေ့လာရမလဲ ဆိုတဲ့အပေါ် Learning How To Learn ကို သင်ပေးတာဖြစ်တဲ့အတွက် ဘယ်ပညာရပ်အသစ်ပေါ် ကိုယ့်ဘာသာလေ့လာ တတ်မယ်ဆို အလုပ်အကိုင် အခွင့်အလမ်းက မရှားပါဘူး။ အလုပ်အတွက်ပ ညာသင်တာမျိုးထက် ကိုယ်တကယ် ဝါသနာပါတဲ့၊ ကိုယ်တကယ်ထူးချွန်တဲ့ ပညာရပ်ကို လေ့လာတာကို ပိုပြီးအားပေးပါတယ်။ အလုပ်နောက်ကိုလိုက်ပြီး ပညာသင်နေမယ်ဆို လိုက်လို့ပြီးတော့မှာ မဟုတ်ဘူးပေါ့။ ရေတိုအလုပ်အကိုင်ကို မကြည့်ဘဲ ရေရှည်မှာ ကိုယ်တကယ် စိတ်ပါဝင်စားတဲ့ ပညာရပ်မှာ ထူးချွန်တဲ့သူဖြစ်အောင်၊ ပညာရပ်တိုင်းကို ဘယ်လိုလေ့လာရမလဲ ဆိုတာနားလည်တဲ့ ပညာတတ်တစ်ယောက် ဖြစ်လာအောင် သင်ယူဖို့လိုပါတယ်။

-သန္တာ ၊ ဝေဝေ