ဘက်ထရီ 8,200mAh နဲ့ Snapdragon 821 ပါဝင်တဲ့ LG G Pad 5 10.1

LG ဟာ တောင်ကိုရီးယားမှာ G Pad 5 10.1 ကို မိတ်ဆက်လိုက်ပါတယ်။ မျက်နှာပြင် ၁၀.၁ လက်မအရွယ်ရှိ tablet မှာ Android အသုံးပြုထားပြီး ဘက်ထရီကတော့ 8,200mAh ပါဝင်လာပါတယ်။ ကင်မရာ ၂ လုံး ပါဝင်လာပြီး ကျောဘက်မှာ သတ္တုနဲ့ဖြစ်ကာ LTE, GPS နဲ့ Bluetooth 4.2 အသုံးပြုထားပါတယ်။

မျက်နှာပြင်ပိုင်းမှာ ၁၀.၁ လက်မ IPS panel နဲ့အတူ FHD+ ရုပ်ထွက်အရည်အသွေး အသုံးပြုထားပါတယ်။ ရှေ့ကင်မရာ 5MP နဲ့ ကျောဘက်ကင်မရာကတော့ 8MP ဖြစ်ပါတယ်။ G Pad 5 10.1 ရဲ့အလေးချိန်က ၄၉၈ ဂရမ်ပဲ ရှိပါတယ်။

အောက်ခြေမှာ စပီကာ ၂ လုံးပါဝင်ပြီး ထိပ်ဘက်မှာ ၃.၅ မီလီမီတာ နားကြပ်ပေါက် ပါဝင်လာပါတယ်။ LG G Pad 5 10.1 ရဲ့ညာဘက်ဘေးဘက်မှာ fingerprint reader အပြင် အသံအတိုး၊ အကျယ်ခလုတ်နဲ့ ပါဝါခလုတ်တွေ ထည့်သွင်းထားပါတယ်။

LG အနေနဲ့ Snapdragon 821 SoC ကို RAM 4GB နဲ့ storage 32GB တွဲဖက်ထားပါတယ်။ LG G Pad 5 10.1 မှာ microSD ပေါက်ကတစ်ဆင့် storage ကိုတိုးချဲ့နိုင်ပါတယ်။ ထုတ်ကုန်ရဲ့ software အပိုင်းမှာ Android 9 Pie နဲ့အတူ LG ရဲ့ကိုယ်ပိုင် UX ကိုအသုံးပြုထားပါတယ်။ G Pad 5 10.1 မှာ ဘက်ထရီ 8,200mAh နဲ့ Quick Charge 3.0 အားသွင်းမြန်ဆန်တဲ့စနစ် ပါဝင်လာပါတယ်။

ဈေးနှုန်းကတော့ ဒေါ်လာ ၃၈၀ ဖြစ်ပြီး နိုင်ငံတကာကို ဘယ်အချိန်ဖြန့်ချိမလဲဆိုတာ မသိသေးပါဘူး။

စိုးထက်
Ref: GSMArena