ဘက်ထရီ ၁၄ ရက်အထိ အသုံးပြုနိုင်တဲ့ Honor MagicWatch 2

Honor အနေနဲ့ ကျန်းမာရေးနဲ့ ခန္ဓာကိုယ်ကြံ့ခိုင်ရေးကို အာရုံစိုက်ပြီး ဘက်ထရီသက်တမ်း ၁၄ ရက်အထိ အသုံးပြုနိုင်တဲ့ MagicWatch 2 ကိုမိတ်ဆက်လိုက်ပါတယ်။ Honor MagicWathc 2 ဟာ ရေအနက် 5ATM အထိ ခံနိုင်ရည်ရှိပါတယ်။

MagicWatch 2 ဟာ သုံးစွဲသူ နှလုံးခုန်နှုန်းကိုစောင့်ကြည့်ပေးတာ အပြင် အကွာအဝေး၊ မြန်နှုန်းနဲ့ ကယ်လိုရီလောင်ကျွမ်းမှုတွေကိုလည်း ခြေရာခံပေးပါတယ်။ သုံးစွဲသူရဲ့ လမ်းလျှောက်နှုန်းနဲ့ ရေကူးမှုနှုန်းဖြစ်တဲ့ SWOLF ရမှတ်ကိုလည်း တွက်ချက်ပေးပါတယ်။

နာရီက နှလုံးခုန်နှုန်းကို စောင့်ကြည့်ပေးပြီး အနိမ့်၊ အမြင့်အပေါ် သတိပေးသွားမှာ ဖြစ်ပါတယ်။ တကယ်လို့ သုံးစွဲသူက စိတ်ဖိစီးမှုများနေတဲ့အခါ အသက်ရှူလေ့ကျင့်ခန်းတွေကို လမ်းညွှန်ပေးမှာ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ သုံးစွဲသူရဲ့ အိပ်စက်မှုကို ခြေရာခံပြီး တိုးတက်မှုရှိအောင် အကြံပြုပေးမှာ ဖြစ်ပါတယ်။ အိပ်စက်မှုကို ဖရိုဖရဲဖြစ်စေတဲ့ အမျိုးအစား (၆) မျိုးကို စစ်ဆေးပေးနိုင်ပါတယ်။

Honor MagicWatch 2 မှာ တောင်တက်တာကနေ စက်နဲ့ကိုယ်လက်လှုပ်ရှားမှုအထိ fitness mode (၁၅) မျိုး ပါဝင်လာပါတယ်။ ဒါ့အပြင် GPS နဲ့ GLONASS တည်နေရာထောက်ပံ့မှုလည်း ပါဝင်လာပါတယ်။

Honor MagicWatch 2 ကို 361K စတီးနဲ့ ပြုလုပ်ထားပြီး 46mm နဲ့ 42mm အရွယ် (၂) မျိုးနဲ့ ဖန်တီးထားပါတယ်။ မျက်နှာပြင် အရွယ်အစားကလည်း ၁.၄ လက်မနဲ့ ၁.၂ လက်မ မျက်နှာပြင် (၂) မျိုး ထုတ်လုပ်ထားပြီး 326ppi pixel density နဲ့ AMOLED တွေပါဝင်လာပါတယ်။

Honor MagicWatch 2 မှာ Kirin A1 ချစ်ပ်ကိုအသုံးပြုထားပါတယ်။ စမတ်နာရီမှာ storage 4GB ပါဝင်ပြီး 2GB မှာသီချင်းတွေ ထည့်သွင်းကာ လေ့ကျင့်ခန်းပြုလုပ်စဉ်နားထောင်နိုင်ပါတယ်။ အဆင့်မြင့် Bluetooth ချိတ်ဆက်မှုပါဝင်တဲ့အတွက် မီတာ ၁၅၀ အကွာကနေ ဖုန်းခေါ်ဆိုမှုတွေအတွက် နာရီကိုအသုံးပြုနိုင်ပါတယ်။

Honor MagicWatch 2 ကို ဒီဇင်ဘာ ၂ ရက်မှာ ကမ္ဘာတစ်ဝန်း ဖြန့်ချိရောင်းချပါမယ်။ ဈေးနှုန်းကတော့ အနက်ရောင်ဗားရှင်း ၄၂ မီလီမီတာ ဒေါ်လာ ၁၅၅၊ မီးသွေးအနက်ရောင် ၄၆ မီလီမီတာကိုတော့ ဒေါ်လာ ၁၇၀ အပြင် အညိုရောင် ၄၆ မီလီမီတာနဲ့ ရွှေရောင် ၄၂ မီလီမီတာကိုတော့ ဒေါ်လာ ၂၀၀ နဲ့ရောင်းချသွားပါမယ်။

စိုးထက်
Ref: GSMArena