ဘက်ထရီအားသွင်းမြန်တဲ့ fast charging နည်းပညာ

fast charging နည်းပညာအမျိုးမျိုးကို ဖုန်းထုတ်လုပ်သူတွေက ၎င်းတို့ရဲ့ မော်ဒယ်သစ်ဖုန်းတွေမှာ ထည့်သွင်းအသုံးပြုလာကြပါတယ်။ လက်ရှိဈေးကွက်ထဲက ဖုန်းမော်ဒယ်သစ်တွေမှာ ပါဝင်လာတဲ့ Qualcomm Quick Charge, OnePlus Dash Charge, Huawei Super Charge, Oppo Super VOOC, Xiaomi Mi Charge Turbo, Vivo Super Flash စတဲ့ ဖုန်းဘက်ထရီကို အချိန်တိုအတွင်းမှာ အားအမြန်ပြည့်စေတဲ့ fast charging နည်းပညာတွေကို ဖုန်းမော်ဒယ်အနိမ့်အမြင့်အလိုက် ထည့်သွင်းအသုံးပြုလာကြသလို ဒီနည်းပညာနဲ့ပတ်သက်တဲ့ ပြိုင်ဆိုင်မှုတွေလည်း များစွာရှိလာပါတယ်။

fast charging နည်းပညာကလည်း အခုဆိုရင် အဆင့်ဆင့် တိုးတက်လာတာနဲ့အမျှ မိမိတို့အသုံးပြုနေတဲ့ ဖုန်းမှာပါဝင်တဲ့ အားသွင်းမြန်ဆန်တဲ့ ဘက်ထရီနည်းပညာက ဘယ်လောက်မြန်ဆန်ပြီး အခြားဖုန်းတွေရဲ့ အားသွင်းနည်းပညာနဲ့ ဘယ်လိုကွာခြားမှုတွေ ရှိသလဲဆိုတာကို လက်လှမ်းမီသလောက် စုစည်းဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအထိ ကမ္ဘာ့အမြန်ဆုံးဖြစ်နေသေးတဲ့ 65W Super VOOC နည်းပညာက 4000mAh ဘက်ထရီကို ၀ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်းထိ အားအပြည့်သွင်းတာကို နာရီဝက်အတွင်း သွင်းပေးနိုင်ပေမယ့် Xiaomi ရဲ့ 100W Mi Charge Turbe နည်းပညာက သူ့ထက် ၂ ဆမြန်တဲ့ နှုန်းနဲ့ သွင်းပေးနိုင်တယ်လို့ သိရပါတယ်။ Xiaomi 100W Super Charge Turbo နည်းပညာက ဘက်ထရီကို ၀ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်းအထိ အားအပြည့်သွင်းတာကို ၁၇ မိနစ်အတွင်း သွင်းပေးနိုင်ပါတယ်။

အခြား မြန်ဆန်တဲ့ အားသွင်းနည်းပညာတွေအနေနဲ့ဆိုရင် Huawei ရဲ့ 40W Super Charge နည်းညာက မိနစ် ၃၀ အတွင်း ဘက်ထရီအားကို ၉၀ ရာခိုင်နှုန်းအထိ သွင်းပေးနိုင်ပါတယ်။ OnePlus 7T မှာပါဝင်တဲ့ 30W Dash Charge နည်းပညာက ၀-၁၀၀ ရာခိုင်နှုန်းကို မိနစ် ၆၀ အတွင်း အားအပြည့်သွင်းပေးနိုင်ပါတယ်။ သူ့လိုပဲ Qualcomm Quick Charge 3.0 ကလည်း သွင်းပေးနိုင်ပြီး Quick Charge 4 ကတော့ Dual Charge နှစ်လုံး တစ်ပြိုင်နက် အားသွင်းတာကို Quick Charge 3.0 ထက် ၂၀ ရာခိုင်နှုန်း ပိုမိုမြန်ဆန်လာသလို Quick Charge 4+ ကတော့ အဆင့်မြင့်ဘက်ထရီဆိုင်ရာ လုံခြုံရေးလုပ်ဆောင်ချက်တွေ ထောက်ပံ့ပါဝင်လာပါတယ်။

အပေါ်က ဖော်ပြခဲ့တဲ့ အားသွင်းမြန်တဲ့ နည်းပညာတွေလိုပဲ Vivo ရဲ့ 120W Super Flash fast charging နည်းပညာက 4000mAh ဘက်ထရီကို ၀ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်းထိ အားသွင်းတာကို ၁၃ မိနစ်အတွင်း အားအပြည့်သွင်းနိုင်တယ်လို့ ကြေညာထားပါတယ်။ ဒါက Xiaomi ရဲ့ 100W Super Charge Turbo နည်းပညာထက် လက်ရှိမှာ ပိုမိုမြန်ဆန်တဲ့ နည်းပညာတစ်ခုပဲဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း