ဘက်ထရီသက်တမ်း နာရီ ၃၀ အထိ ပါဝင်လာတဲ့ OnePlus Buds

OnePlus ဟာ OnePlus Nord နဲ့အတူ ကုမ္ပဏီရဲ့ပထမဆုံး ကြိုးမဲ့နားကြပ် OnePlus Buds ကို မိတ်ဆက်လိုက်ပါတယ်။ OnePlus Buds ကတော့ ၇၉ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။

OnePlus Buds ဟာ ဈေးကွက်ထဲက ဈေးအသက်သာဆုံး ကြိုးမဲ့နားကြပ်တစ်ခု ဖြစ်လာပါတယ်။ OnePlus Buds ဟာ ရိုးရှင်းပြီး ဈေးနှုန်းသက်သာတဲ့ နားကြပ်တစ်မျိုး ဖြစ်ပါတယ်။ ဆူညံသံလျှော့ချပေးတဲ့ စနစ်နဲ့ ဆီလီကွန်နားကြပ်ခေါင်းအပြင် ကြိုးမဲ့အားသွင်းစနစ် မပါဝင်ပါဘူး။ နားကြပ်ကို ၇ နာရီအထိ အသုံးပြုနိုင်ပြီး charging case ကလည်း စွမ်းအင်ကို သိုလှောင်ပေးနိုင်ပါတယ်။ ဒါကြောင့် စုစုပေါင်း နာရီ ၃၀ အထိ အသုံးပြုနိုင်ပါတယ်။ ဆယ်မိနစ်အားသွင်းရုံနဲ့ ၁၀ နာရီအထိ သီချင်းနားထောင်နိုင်တယ်လို့ OnePlus ကပြောထားပါတယ်။ အားအပြည့်သွင်းရင်တော့ မိနစ် ၈၀ အထိ ကြာမြင့်ပါမယ်။

OnePlus Buds အတွက် အထူးခြားဆုံး feature ကတော့ Dolby Atmos ပါဝင်လာတာ ဖြစ်ပြီး ကိုက်ညီ content အတွက် အကောင်းဆုံး ပတ်ပတ်လည် အသံကို ဖန်တီးပေးပါတယ်။ ဒါ့အပြင် OnePlus Buds ဟာ IPX4 ရေစိုခံအဆင့်သတ်မှတ်ချက်ရှိတဲ့ အတွက် ရေစိုခံပါတယ်။ OnePlus Buds ကိုတော့ အဖြူနဲ့ မီးခိုးဆိုပြီး ထုတ်လုပ်ပါမယ်။

-စိုးထက်
Ref: TheVerge