ဘက်ထရီကြံ့ခိုင်မှုကို ကြည့်နိုင်မယ့် iOS 11.3 ကို မတ်လတွင် ဖြန့်ချိမည်

Apple ဟာ iPhone 6 နဲ့အထက် အသုံးပြုနေတဲ့ သုံးစွဲသူတွေအတွက် iOS 11.3 ကို ဖြန့်ချိပေးမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ iOS 11.3 မှာ ထုတ်ကုန်ရဲ့ ဘက်ထရီကြံ့ခိုင်မှု သတင်းအချက်အလက်တွေကို ကြည့်ရှုနိုင်သလို ပြုပြင်ဖို့လိုအပ်လာရင်လည်း အကြံပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီ menu တစ်ခုတည်းမှာပဲ Apple ရဲ့ power management feature ကို ပိတ်နိုင်မှာဖြစ်ပါတယ်။

iOS 10.2.1 မှာ စတင်ပါဝင်လာခဲ့တဲ့ power management အပြောင်းအလဲမှာ ပွင့်လင်းမြင်သာမှု အားနည်းခဲ့တဲ့အပေါ် တောင်းပန်တဲ့အနေနဲ့ iPhone သုံးစွဲသူတွေက ဘက်ထရီသက်တမ်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပိုမိုမြင်တွေ့နိုင်အောင် ပြုလုပ်ပေးမယ်လို့ Apple က ကတိပေးခဲ့ပါတယ်။ ဒါ့အပြင် Apple ဟာ power management feature ကို ပိတ်နိုငအောင် ပြုလုပ်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။

Apple ရဲ့ power management အပြောင်းအလဲကြောင့် သုံးစွဲသူတွေ ဖုန်းအသစ်တွေဝယ်ယူလာစေဖို့အတွက် ကုမ္ပဏီက ဖုန်းအဟောင်းတွေကို နှေးကွေးအောင် ပြုလုပ်ထားတယ်ဆိုတဲ့ အငြင်းပွားမှုတွေ ဖြစ်ပေါ်လာပါတယ်။ ကုမ္ပဏီအနေနဲ့ ထုတ်ကုန်တွေရဲ့သက်တမ်းကို တိုတောင်းအောင် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို Apple ကငြင်းဆိုခဲ့ပေမယ့် ဝေဖန်သူတချို့က မယုံမကြည် ဖြစ်နေကြပါတယ်။

Apple ဟာ ဒီကိစ္စကို တောင်းပန်တဲ့အနေနဲ့ iPhone 6 နဲ့နောက်ပိုင်း ထုတ်ကုန်သစ်တွေအတွက် ဘက်ထရီအစားထိုးမှုကို ၂၉ ဒေါ်လာအထိ လျှော့ချပေးခဲ့ပါတယ်။ ဒီအစီအစဉ်ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ ပြုလုပ်ပေးသွားမှာပါ။ ဒါပေမဲ့ iPhone မော်ဒယ်တချို့အတွက် အစားထိုးနိုင်တဲ့ ဘက်ထရီတွေထောက်ပံ့မှု နည်းပါးနေပါတယ်။

iOS 11.3 ရဲ့ပထမဆုံး beta ဗားရှင်းကို developer တွေအတွက် ဖြန့်ချိပေးလိုက်ပြီ ဖြစ်ပါတယ်။ မကြာခင်မှာပဲ public beta ဗားရှင်းထွက်ရှိလာနိုင်ပါတယ်။ iPhone 5s နဲ့ နောက်ပိုင်းထုတ်ကုန်သစ်တွေ၊ iPad Air နဲ့ iPad Pro မော်ဒယ်တွေအပြင် ပဉ္စမမြောက် မျိုးဆက် iPad, iPad mini 2 နဲ့ နောက်ပိုင်းထုတ်ကုန်သစ်တွေ၊ ဆဋ္ဌမမြောက်မျိုးဆက် iPod touch အတွက် software update တွေကို မတ်လမှာ ဖြန့်ချိပေးသွားမယ်လို့ သိရပါတယ်။

ဘက်ထရီနဲ့ power management feature တွေက iOS 11.3 beta ထွက်ရှိပြီးနောက်ပိုင်းမှာ ပါဝင်လာမယ်လို့ Apple ကပြောပါတယ်။ iOS 11.3 ကို iPhone 6, iPhone 6 Plus, iPhone 6s, iPhone 6s Plus, iPhone 7, iPhone 7 Plus နဲ့ iPhone SE တွေမှာ update လုပ်နိုင်ပြီး power management feature ကို ပိတ်နိုင်တဲ့ option ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

စိုးထက်
Ref: MacRumors