ဗြိတိသျှကောင်စီမှ အခမဲ့ အွန်လိုင်းသင်တန်း ဖွင့်မည်

ဗြိတိသျှကောင်စီမှ “Study UK: Prepare to study and live in the UK” အွန်လိုင်းသင်တန်းကို နိုဝင်ဘာ ၄ ရက်မှ စတင်သင်ကြားပို့ချ ပေးသွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှ စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက်နိုင်ပြီး သင်တန်းအပြီးတွင် Certificate of Achievement ကိုပါ ရရှိနိုင်မှာဖြစ်ပါတယ်။ အဆိုပါ သင်တန်းဟာ နိုင်ငံတကာမှ ကျောင်းသား ကျောင်းသူများအား ယူကေနိုင်ငံရှိ တက္ကသိုလ်များ၏ သင်တန်းပုံစံများ၊ အကဲဖြတ်အမှတ်ပေးပုံများ၊ ယူကေ‌ရောက်တဲ့အခါ ပြင်ဆင်ထားသင့်တာတွေကို နားလည်စေရန် ရည်ရွယ်တာဖြစ်ပြီး သင်တန်းကနေ ယူကေအဆင့်မြင့်ပညာရေးရဲ့ ထူးခြားသောလက္ခဏာတွေ၊ ကွဲပြားတဲ့ သင်ကြားရေးပုံစံတွေ၊ ကျောင်းသားတွေရရှိမယ့် ၀န်ဆောင်မှုများနှင့် ငွေကြေးဆိုင်ရာ အကြံပေးမှုများ၊ အင်္ဂလိပ်ဘာသာစကားစွမ်းရည် လိုအပ်ချက်များနှင့် နေရာထိုင်ခင်းရှာဖွေခြင်း၊ မိတ်ဆွေဖွဲ့ခြင်းတို့အပြင် ယူကေနိုင်ငံသို့ ဆိုက်ရောက်လာစဉ် ပြုလုပ်ရမည့်အရာများ အစရှိသော လက်တွေ့အသုံးကျတဲ့ လမ်းညွှန်မှုတွေကို လေ့လာ မှတ်သားနိုင်မှာဖြစ်ပါတယ်။

သင်တန်းကို လာမယ့် ၂၀၂၀ ခုနှစ်မှာ ယူကေနိုင်ငံရှိ တက္ကသိုလ်တွေမှာ သွား‌ရောက်ပညာသင်ယူမယ့် နိုင်ငံတကာမှ ကျောင်းသား ကျောင်းသူများ ၊ ယူကေအဆင့်မြင့်ပညာရေးအကြောင်း စိတ်ပါ၀င်စားသော နိုင်ငံတကာမှ ကျောင်းသား ကျောင်းသူများ၊ လက်ရှိ ယူကေတွင် ပညာသင်ကြားနေပြီး စာပေဆိုင်ရာ စွမ်းရည်နှင့် ဗဟုသုတ တိုးတက်လိုသူများအပြင် အခြားနိုင်ငံတကာပညာရေးအား စိတ်ဝင်စားသူများ အတွက် အကျိုးရှိမယ့်သင်တန်းဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းကို ၉၀ ရာခိုင်နှုန်းအထက်ပြီးမြောက်ပါက အခမဲ့ဒစ်ဂျစ်တယ်အောင်လက်မှတ်ကိုပါ ရရှိနိုင်ပြီး သင်တန်းကာလမှာ ၄ ပတ်ကြာ တက်ရောက်ရမှာဖြစ်ပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ www.futurelearn.com/courses/prepare-to-study-uk မှာ စာရင်းသွင်းကာ တက်ရောက်နိုင်ပါတယ်။ ယူကေမှာသွားရောက် ပညာလေ့လာလိုသူများနှင့် အွန်လိုင်းမှတစ်ဆင့် ယူကေတက္ကသိုလ်မှ သင်တန်းများ တက်ရောက်လိုသူတွေအတွက် Study UK အစီအစဉ်အရ ဗြိတိသျှကောင်စီ နှင့် GREAT Britain campaign တို့မှ အဝေးသင်ပညာရေး ဝက်ဘ်ဆိုက်ဖြစ်တဲ့ FutureLearn နှင့်ပူးပေါင်းပြီး အွန်လိုင်းအခမဲ့သင်တန်းတွေ ပို့ချလျက်ရှိပါတယ်။

-သန္တာ