ဗြိတိသျှကောင်စီမှ ပေါင် ၂၅၀၀ မှ ၅၀၀၀ တန်ဖိုးရှိသည့် အနုပညာလှုပ်ရှားမှု ဆုကြေးငွေများလျှောက်ထားနိုင်

ယူကေနဲ့ အရှေ့တောင်အာရှနိုင်ငံများအကြား အနုပညာနှင့်ယဉ်ကျေးမှုဖလှယ်ရေး မြှင့်တင်ပေးမယ့် Connections Through Culture “ယဉ်ကျေးမှုများမှ တစ်ဆင့် ဆက်သွယ်ခြင်း” အနုပညာလှုပ်ရှားမှု ထောက်ပံ့ကြေး အစီအစဉ်ရဲ့ ဒုတိယအသုတ် လျှောက်လွှာတွေကို နိုဝင်ဘာ ၄ ရက် အထိ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

အဆိုပါ အစီအစဉ်ဟာ အရှေ့တောင်အာရှ ခြောက်နိုင်ငံနဲ့ ယူကေတို့မှ အနုပညာပေါင်းစည်းလုပ်ဆောင်ခြင်းဖြင့် တီထွင်ဆန်းသစ်တဲ့ နည်းလမ်းများဖွင့်ပေးနိုင်မယ့် ပထမဦးဆုံး လုပ်ငန်းအစီအစဉ် ဖြစ်ကြောင်း၊ ယဉ်ကျေးမှုများမှ တစ်ဆင့် ဆက်သွယ်ခြင်း အစီအစဉ်ဟာ အနုပညာရှင်များ၊ အနုပညာအဖွဲ့အစည်းများအကြား စိတ်လှုပ်ရှားဖွယ် ယဉ်ကျေးမှုဖလှယ်ရေး မျိုးစေ့ချပေးရန်အတွက် ယူကေနဲ့ မလေးရှား၊ ဗီယက်နမ်၊ မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် အစရှိတဲ့ အရှေ့တောင်အာရှ ခြောက်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု၊ ရေရှည်ဆက်ဆံရေး တည်တံ့မှုကို ပျိုးထောင်ပေးရန်အတွက် နှစ်ဦးနှစ်ဖက် ဆုကြေးငွေ (bilateral grant) အစီအစဉ်ဖြစ်ကြောင်း သိရပါတယ်။

အရှေ့တောင်အာရှခြောက်နိုင်ငံနဲ့ ယူကေတို့မှ ပန်းချီဆရာ၊ အနုပညာရှင်၊ အနုပညာအသင်းကိုယ်စားလှယ်များ ဟာ ဗြိတိန် ပေါင် ၂၅၀၀ မှ ၅၀၀၀ တန်ဖိုးရှိတဲ့ လှုပ်ရှားမှု ဆုကြေးငွေများကို လျှောက်ထားနိုင်မှာြဖစ်ပြီး အဆိုပါ အနုပညာရှင်တွေက ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအတွင်း ယူကေနဲ့ အရှေ့တောင်အာရှရှိ အနုပညာနယ်ပယ်မှ ကျွမ်းကျင်သူ၊ ဘဝတူ အနုပညာရှင်၊ ပူးပေါင်းဆောင်ရွက်မယ့်သူတွေနဲ့ တွေ့ဆုံဖို့ မိမိတို့ကိုယ်တိုင် စီစဉ်တဲ့ ခရီးစဉ်များအတွက် အဆိုပါ ဆုကြေးငွေတွေကို အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒုတိယအသုတ် လျှောက်လွှာအောင်မြင်သူတွေကို ဒီဇင်ဘာ ၉ ရက်မှာ ကြေညာပေးမှာဖြစ်ပါတယ်။ အခြားသော သတင်းအချက်အလက်တွေကို www.britishcouncil.org.mm/connections-through-culture မှာ ကြည့်ရှု နိုင်ပြီး ဆုကြေးငွေလျှောက်ထားဖို့နဲ့ အခြားသိလိုတာတွေကို [email protected] ထံ အီးမေးလ်ပေးပို့ မေးမြန်းနိုင်မှာဖြစ်ပါတယ်။