ဗီဒီယို ရုပ်ထွက်အရည်အသွေးတွေ လျှော့ချမယ့် YouTube

YouTube ဟာ ကမ္ဘာတစ်ဝန်းက သုံးစွဲသူတွေအတွက် ဗီဒီယို ရုပ်ထွက်အရည်အသွေးတွေ လျှော့သွားမယ်လို့ သိရပါတယ်။ YouTube က ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနေတာကြောင့် အိမ်မှာနေထိုင်သူတွေ များပြားတာနဲ့အမျှ broadband ဝန်ကိုလျှော့ချဖို့ ဥရောပအတွင်း သုံးစွဲသူတွေအတွက် ဗီဒီယိုအရည်အသွေး လျှော့ချမယ်လို့ ကြေညာအပြီး တစ်ပတ်အတွင်း အခုဆုံးဖြတ်ချက်ထွက်ပေါ်လာပါတယ်။

ဗီဒီယိုတွေကို default အဖြစ် သာမန်ရုပ်ထွက်အရည်အသွေး (480p) နဲ့စတင်ပြသပါမယ်လို့ Bloomberg ကဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ ရုပ်ထွက်အရည်အသွေးမြင့်နဲ့ ကြည့်ရှုမယ်ဆိုရင်တော့ ကိုယ်တိုင် option ကိုရွေးချယ်ပေးရပါမယ်။

“ကျွန်တော်တို့အနေနဲ့ မဖြစ်ပေါ်ခဲ့ဖူးတဲ့ အခြေအနေအတွင်း စနစ်ပေါ်က ဝန်ကို အနည်းဆုံးဖြစ်စေဖို့ ကမ္ဘာတစ်ဝန်းက ကွန်ရက်အော်ပရေတာတွေနဲ့ အစိုးရတွေနဲ့ ဆက်လက်လက်တွဲလုပ်ဆောင်သွားပါမယ်” လို့ YouTube က Bloomberg ကိုပြောခဲ့ပါတယ်။

ဗီဒီယိုရုပ်ထွက်အရည်အသွေးကို လျှော့ချနေတာ YouTube ကုမ္ပဏီတစ်ခုတည်း မဟုတ်ပါဘူး။ Netflix ကလည်း broadband ကို ၂၅ ရာခိုင်နှုန်း လျှော့ချပြီး platform ဝန်ကိုသက်သာစေဖို့ ဥရောပအတွင်းက bitrate ကိုလျှော့ချနေပါတယ်။ Apple ကလည်း အလားတူ ခြေလှမ်းတွေ ဆောင်ရွက်နေပြီး Amazon ကလည်း ဥရောပအတွင်းက ပျှမ်းမျှ bitrate ကိုလျှော့ချခဲ့သလို ကမ္ဘာတစ်ဝန်းက အခြေအနေကို ဆက်လက်စောင့်ကြည့်နေပါတယ်။ Amazon အနေနဲ့ broadband ပြဿနာဖြစ်ပေါ်လာတဲ့ ဘယ်နေရာမှာမဆို အရေးတယူဆောင်ရွက်သွားပါမယ်။ Netflix အနေနဲ့ ဒေသတွင်း အာဏာပိုင်တောင်းဆိုမှုအပေါ် အားထားပြီး ကမ္ဘာတစ်ဝန်း bitrate တွေလျှော့ချသွားနိုင်တယ်လို့ ကုမ္ပဏီ content အကြီးအကဲအရာရှိ Ted Sarandos ကပြောထားပါတယ်။

စိုးထက်
Ref: TheVerge