ဗီဒီယိုဂိမ်းတွေက ကျန်းမာရေးပိုမိုကောင်းမွန်စေတယ်လို့ အောက်စဖို့ဒ်စစ်တမ်း တွေ့ရှိ

ဗီဒီယိုဂိမ်းကို ကာလရှည်ကြာ ကစားတဲ့သူဟာ မကစားသူထက် ပိုမို ပျော်ရွှင်တယ်လို့ အောက်စဖို့ဒ်စစ်တမ်း တစ်ခုက ထုတ်ပြန်ခဲ့ပါတယ်။

အောက်စဖို့ဒ် အင်တာနက်အင်စတီကျူ့သုတေသနက Nintendo ရဲ့ Animal Crossing နဲ့ EA ရဲ့ Plants vs Zombies တို့ကို အထူးလေ့လာခဲ့ပါတယ်။ ထူးခြားတဲ့ အဆင့်တစ်ခု အဖြစ် ဂိမ်းဖန်တီးသူတွေက စစ်တမ်းမှာ ပါဝင်တဲ့ ကာလရှည်ကြာ ကစားသူနဲ့ ပတ်သက်တဲ့ အချက်အလက်ကို အမည်မဖော်ဘဲ ဝေမျှခဲ့ပါတယ်။

အဲဒီမှတ်တမ်းက ကစားသူတွေ ကျန်းမာရေးမေးခွန်း ဖြေကြားမှု စစ်တမ်းနဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်။

စစ်တမ်းမှာ ဂိမ်းကစားသူ ၃,၂၇၄ ဦး ပါဝင်ခဲ့ပြီး ပါဝင်သူအားလုံး အသက် ၁၈ နှစ် ကျော်ပြီးသူတွေ ဖြစ်ပါတယ်။

အရင်တုန်းက သုတေသနမှာ ပါဝင်သူကိုယ်တိုင် တင်ပြတဲ့ ခန့်မှန်းအချက်အလက် အခြေခံပြီး ဂိမ်းကစားတဲ့ အချိန်ခဏအတွင်း ရရှိတဲ့အချက်အလက်ကို ကောက်ယူခဲ့တာကြောင့် မှန်ကန်မှု အားနည်းပါတယ်။

-စိုးထက်
Ref: BBC