ဖော်ချွတ်ပုံတွေ အလွယ်တကူ ဖန်တီးနိုင်တဲ့ အန္တရာယ်ရှိ Telegram bot တွေ

Telegram ပေါ်က deepfake စနစ်ထဲက bot တွေက တောင်းဆိုထားတဲ့ ဖော်ချွတ် ဓာတ်ပုံအတုတွေကို ဖန်တီးနိုင်တယ်လို့ သုတေသီတွေက တွေ့ခဲ့ကြပါတယ်။

သုံးစွဲသူတွေက bot တွေနဲ့ အပြန်အလှန် ဆက်သွယ်ပြီး လူမှုကွန်ရက်က ဓာတ်ပုံတွေ အသုံးပြုကာ အမျိုးသမီးဖော်ချွတ်ပုံတွေ ဖန်တီးကြပါတယ်။ ပြီးရင်တော့ Telegram ချန်နယ်အမျိုးမျိုးကနေ ဝေမျှနေကြတယ်။

အခုစုံစမ်းစစ်ဆေးမှုက Sensity လုံခြုံရေးကုမ္ပဏီက ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ Deepfake တွေက ရုပ်ပုံအနေနဲ့ ပျံ့နှံ့မှုကို အဓိကထား စုံစမ်းခဲ့ပါတယ်။ Sensity သုတေသီတွေဟာ ၂၀၂၀ ဇူလိုင်လအတွင်း Telegram ချန်နယ်တွေမှာ ထုတ်လုပ်၊ ဝေမျှထားတဲ့ ဖော်ချွတ်ဓာတ်ပုံ ၁၀၀,၀၀၀ တွေ့ရှိထားပါတယ်။ အဲဒီချန်နယ် ၇၀ ရာခိုင်နှုန်း သုံးစွဲသူက ရုရှားနဲ့ အိမ်နီးချင်းနိုင်ငံတွေကပဲ ဖြစ်တယ်လို့ Sensity ကပြောခဲ့ပါတယ်။ Sensity အနေနဲ့ ချန်နယ်တွေများစွာကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

The Verge နဲ့ Sensity ကတော့ app ပေါ်မှာ ခွင့်ပြုထားတဲ့ deepfake bot တွေအကြောင်း Telegram ဆီ ဆက်သွယ် မေးမြန်းထားပါတယ်။ သက်ဆိုင်ရာ ဥပဒေထိန်းသိမ်းရေးအာဏာပိုင်တွေကိုလည်း ဆက်သွယ်ထားတယ်လို့ Sensity ကပြောထားပါတယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««