ဖန်တီးရာ၏ Innovation Bus မှ မြို့ကြီးသုံးမြို့တွင် စီးပွားရေးလုပ်ငန်းသစ်တည်ထောင်ခြင်းနှင့် နည်းပညာ သင်တန်းများပေးမည်

ဖန်တီးရာအနေနဲ့ အောက်တိုဘာလမှာ ရွေ့လျားနည်းပညာအစီအစဉ်တစ်ခုဖြစ်တဲ့ Innovation Bus ရဲ့ ဒုတိယအကြိမ်ခရီးစဉ်မှာ စစ်ကိုင်း၊ တောင်ကြီးနဲ့ မန္တလေး စတဲ့ နေရာတွေကို သွားရောက်မယ်လို့ သိရပါတယ်။

အဆိုပါအစီအစဉ်မှာ နည်းပညာဆိုင်ရာနဲ့ စွန့်ဦးတီထွင်မှုဆိုင်ရာ သင်ကြားပို့ချမှုများစွာ ပါဝင်မယ်လို့ သိရပါတယ်။ Innovation Bus ရဲ့ ဒုတိယမြောက်ခရီးစဉ်ကို GIZ4Business မှ ပံ့ပိုးကူညီပေးထားပြီး မြို့တစ်မြို့စီမှာ ၄ ရက်စီ အနည်းဆုံးပြုလုပ်ပေးသွားမှာဖြစ်ပြီး လူငယ်ပညာရှင်တွေ၊ တက္ကသိုလ် ကျောင်းသားကျောင်းသူတွေ၊ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ နည်းပညာ စိတ်ဝင်စားသူတွေကို နည်းပညာနဲ့ စွန့်ဦးတီထွင်မှုဆိုင်ရာ ဗဟုသုတနဲ့ ကျွမ်းကျင်မှုတွေကို မျှဝေသင်ကြားပေးသွားမယ်လို့ သိရပါတယ်။

အဆိုပါပရိုဂရမ်ကို အသေးစားစီးပွားရေးလုပ်ငန်းတွေ စတင်နေတဲ့ စွန့်ဦးတီထွင်သူတွေ၊ မိမိလုပ်ငန်း တိုးတက်ပြီး ဝင်ငွေပိုမိုရရှိစေမယ့် နည်းလမ်းရှာဖွေနေသူတွေ၊ ဒီဂျစ်တယ်နည်းပညာကို စိတ်ဝင်စားတဲ့ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေ၊ လူမှုအသင်းအဖွဲ့တစ်ခုမှာ ပါဝင်လုပ်ဆောင်နေပြီး မိမိအသင်းအဖွဲ့ကို ဗဟုသုတများ ပြန်လည်ဝေမျှပေးလိုသူတွေ၊ နည်းပညာနဲ့ မိမိနေထိုင်တဲ့ ပတ်ဝန်းကျင်၊ လူ့အဖွဲ့အစည်းကို အကျိုးပြုတဲ့ လုပ်ဆောင်ချက်တွေ ပြုလုပ်လိုသူတွေ မဖြစ်မနေ တက်ရောက်သင့်တယ်လို့ သိရပါတယ်။

Innovation Bus ပရိုဂရမ်မှာ ပြိုင်ပွဲဝင်တွေအနေနဲ့ မိမိကိုယ်ပိုင်လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံနိုင်ရန်အတွက် ဆုငွေရယူနိုင်မယ့် စီးပွားရေးလုပ်ငန်းသစ်အကြံဉာဏ်ပြိုင်ပွဲ (Startup Challenge) အပါအဝင် သင်တန်းအမျိုးအစား ၄ ခု ပါဝင်မယ်လို့ သိရပါတယ်။ အသေးစိတ် အစီအစဉ်တွေကို ဖန်တီးရာ ဆိုရှယ်မီဒီယာ စာမျက်နှာနဲ့ ၀က်ဘ်ဆိုက်တွေမှာ ဆက်လက် ကြေညာပေးသွားမယ်လို့ သိရပါတယ်။
တောင်ကြီးမြို့မှာကျင်းပပြုလုပ်မယ့် Innovation Bus အစီအစဉ်အတွက် bit.ly/ibtgi2019 မှာ စက်တင်ဘာ ၃၀ ရက် နောက်ဆုံးထားပြီး အခမဲ့ စာရင်းပေးနိုင်မှာဖြစ်ပြီး ကျန်မြို့များမှာကျင်းပမယ့် အစီအစဉ်အသေးစိတ်နဲ့ စာရင်းပေးသွင်းရမယ့် Link တွေကို ဖန်တီးရာ Facebook page နဲ့ Innovation Bus ၀က်ဘ်ဆိုက် bit.ly/ibtgimdy တို့မှာ ကြေညာပေးသွားမယ်လို့ သိရပါတယ်။