ဖင်လန်-မြန်မာ ကိုဗစ်အလွန် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် အခွင့်အလမ်းများ ဆွေးနွေး

မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံ သံအမတ်ကြီး Ms Riikka Laatu နဲ့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတို့ လက်ရှိကာလ ဖင်လန်-မြန်မာ ပညာရေးပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ကိုဗစ်အလွန်မှာ ပူးပေါင်းဆောင်ရွက်မယ့် အခွင့်အလမ်းတွေကို Virtual စနစ်နဲ့ ဆွေးနွေးခဲ့ကြပါတယ်။

၄ နှစ်တာ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်း ဆောင်ရွက်မှု အစီအစဉ် (၂၀၂၁-၂၀၂၄) ရဲ့ ရည်မှန်းချက် ဖြစ်သည့် ငြိမ်းချမ်း၍ သာယာ ဝပြောသော ဒီမိုကရေစီမြန်မာနိုင်ငံ ဖြစ်လာရေးကို အထောက်အကူပြုရန် အတွက် ဖင်လန်နိုင်ငံမှ ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း၊ ဖင်လန်နိုင်ငံမှ မြန်မာနိုင်ငံအတွက်ချမှတ်သော အစီအစဉ်များတွင် မြန်မာနိုင်ငံ၏ပညာရေးသည် အဓိက ဦးစားပေး ၃ ခုအနက် ဦးစားပေးတစ်ခု အဖြစ် ပါဝင်ကြောင်း၊ ကလေးများ အတွက် အရည်အသွေးရှိသောပညာရေးနှင့် ဆရာ/ဆရာမများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးကို အဓိကထားကြောင်း၊ ဦးစားပေးနယ်ပယ်များသည် မြန်မာနိုင်ငံတွင် ဦးစားပေးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများနှင့် လိုအပ် ချက်များအပေါ် အခြေခံ၍ ရွေးချယ်ကြောင်း ဖင်လန်နိုင်ငံ သံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။

ဆွေးနွေးပွဲတွင် ပညာရေးဝန်ကြီးက ဩစတြေးလျနိုင်ငံ၊ ယူကေအပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတတ်ရေးဌာန (DFID) နဲ့ ဖင်လန်နိုင်ငံတို့ရဲ့ ပူးပေါင်းရန်ပုံငွေနဲ့ ယူနက်စကိုမှ ပံ့ပိုးလျက်ရှိသော Strengthening Pre-Service Teacher Education (STEM) Project နဲ့ ဒိန်းမတ်၊ သြစတြေးလျ ၊ ဖင်လန်နိုင်ငံတို့နဲ့ ပူးပေါင်းလျက် ကမ္ဘာ့ဘဏ်မှ အဓိက ပံ့ပိုးသူအဖြစ် ထောက်ပံ့ပေးလျက်ရှိသော Decentralized Funding for School Program (DFSP) တို့အပြင် ဖင်လန်နိုင်ငံမှ ပူးပေါင်းထည့်ဝင်သော Inclusive Access and Quality Education (IAQE) Project တို့အတွက် ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်နဲ့ ဖင်လန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဖင်လန်သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««