ဖက်ရှင်ဒီဇိုင်နာတစ်ဦး ဖန်တီးလိုက်တဲ့ အမိုက်စား LED မျက်နှာကာ

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ စတင် ဖြစ်ပေါ်နေချိန်မှာ Lumen Couture ကဖက်ရှင်ဒီဇိုင်နာ ချယ်ဆီးကလူကပ် သူငယ်ချင်းတွေအတွက် အဝတ်မျက်နှာကာတချို့ ဖန်တီးဖို့ စီစဉ်ထားပါတယ်။ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာတွေကလည်း ဗိုင်းရပ်စ်ကူးစက်မှုကို ဟန့်တားဖို့ အိမ်လုပ် မျက်နှာကာတွေ ဝတ်ဆင်ဖို့ အကြံပြုထားပါတယ်။

Lumen Couture ဆိုတာကတော့ နည်းပညာအသုံးချ ဖက်ရှင်အသုံးအဆောင်တွေ ထုတ်လုပ်တဲ့ ဝက်ဘ်ဆိုက်ဖြစ်တယ်။ ဝတ်စုံ၊ ခေါင်းစွပ်ပါ အနွေးထည်နဲ့ ရှေးခေတ်ဝတ်စုံတွေ ဖန်တီးပါတယ်။ ပွဲတွေ ဖျက်သိမ်းတာနဲ့ အခြားထုတ်ကုန်တွေ ရောင်းအားကျလာချိန်မှာ ချယ်ဆီးကလူကပ်ကတော့ မျက်နှာကာတွေ ဖန်တီးနေပါတယ်။ သူမက မျက်နှာကာမှာ နည်းပညာကို ထည့်သွင်း အသုံးချဖို့ ဆုံးဖြတ်ထားပါတယ်။

သူမ ဖန်တီးထားတဲ့ LED Display မျက်နှာကာမှာ ပါးလွှာတဲ့ LED matrix မျက်နှာပြင်တစ်ခု ပါဝင်ပါတယ်။ ဝတ်ဆင်သူတွေက display ကိုထိန်းချုပ်နိုင်ပြီး app ကတစ်ဆင့် ပုံတွေ၊ စာသားနဲ့ အသံသွင်းတာတွေ လုပ်နိုင်ပါတယ်။ မျက်နှာကာမှာ အသုံးပြုထားတဲ့ အဝတ်ကလည်း အသက်ရှူချောင်စေပါတယ်။ မျက်နှာကာကို လျှော်မယ်ဆိုရင် display ကိုဖြုတ်ထားနိုင်တယ်။ Display မပါဘဲလည်း ဝတ်လို့ရပါတယ်။ Display ကို အားသွင်းဖို့ ကြိုးနဲ့ ဘက်ထရီ ပါဝင်လာသေးတယ်။

-စိုးထက်
Ref: TheVerge