ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း အတွက် ဝင်ခွင့်လျှောက်လွှာခေါ်ယူ

ပြည်သူ့ဝန်ထမ်းအကယ်ဒမီတွေမှာ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ် (၇) ကို နိုဝင်ဘာ ၂၅ ရက်မှ စတင် ဖွင့်လှစ်သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

သင်တန်းသို့ နိုင်ငံ့ဝန်ထမ်း အရာထမ်းလောင်းတွေနဲ့ ပြင်ပ ပုဂ္ဂလိကဝန်ထမ်းတွေ တက်ရောက်နိုင်ပြီး သင်တန်းကာလမှာ အချိန်ပြည့် ၄ လ ကြာမြင့်မှာဖြစ်ပါတယ်။ သင်တန်းမှာ စီမံခန့်ခွဲမှုပညာဘာသာရပ်၊ စီးပွားရေးပညာဘာသာရပ်၊ နိုင်ငံရေးသိပ္ပံပညာဘာသာရပ်၊ လူမှုရေးသိပ္ပံပညာဘာသာရပ်၊ ဥပဒေပညာဘာသာရပ်၊ အင်္ဂလိပ်စာပညာဘာသာရပ်၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ဘာသာရပ်တွေကို သင်ကြားပေးမှာဖြစ်ပြီး Public Private Partnership (PPP) ကဏ္ဍကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။ တက်ရောက်မယ့်သူတွေအနေနဲ့ ဘွဲ့တစ်ခုခုရရှိပြီးသူတွေ၊ စီမံခန့်ခွဲမှုလုပ်ငန်းတွေမှာ အနည်းဆုံးလုပ်သက် ၂ နှစ် ရှိသူတွေ ဖြစ်ရပါမယ်။

သင်တန်းဝင်ခွင့်လျှောက်လွှာနဲ့ လမ်းညွှန်ချက်စာစေင်တွေကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး၊ ရုံးအမှတ် ၁၇၊ နေပြည်တော်၊ ရန်ကုန်ရုံးခွဲ အမှတ် ၆၅၊ အဝေရာလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၊ လှည်းကူးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပြင်ဦးလွင်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။ စာမေးပွဲဝင်ကြေး ငွေကျပ်တစ်သောင်းကို ပေးသွင်းရမှာဖြစ်ပြီး လျှောက်လွှာတွေကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်နောက်ဆုံးထားကာ ပေးပို့လျှောက်ထားရမှာ ဖြစ်ပါတယ်။

အသေးစိတ်သိရှိလိုသူတွေ အနေနဲ့ ဖုန်း – ၀၆၇-၄၀၉၁၆၉၊ ၀၁-၅၄၇၅၃၁၊ ၀၁-၆၂၆၀၆၇ လိုင်းခွဲ – ၂၂၁ ၊ ၀၂-၅၀၂၇၄ ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

-သန္တာ