ပုဂ္ဂလိကကျောင်းများဖွင့်လှစ်ခြင်းကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ပူးပေါင်းဆောင်ရွက်နေ

ပုဂ္ဂလိကကဏ္ဍကိုအားပေးတဲ့ အနေနဲ့ ပုဂ္ဂလိကကျောင်းများ ဖွင့်လှစ်ခြင်းကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

“ပုဂ္ဂလိက ပညာရေးကဏ္ဍ အားကောင်းရန် အားပေးခဲ့သလို အစိုးရကျောင်းများကိုလည်း အရည်အသွေးမြင့်မားရေးအတွက် တိုင်းရင်းသားဒေသများကို ဦးစားပေး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ ပုဂ္ဂလိကကဏ္ဍကိုအားပေးသည့် အနေဖြင့် ပုဂ္ဂလိကကျောင်းများ ဖွင့်လှစ်ခြင်းကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း၊ ဆရာ ဆရာမများ၊ ကျောင်းတည်ထောင်သူများ၊ ကျောင်းအုပ်ကြီးများ၊ စွမ်းဆောင်ရည်မြင့်မားလာအောင် ပူးပေါင်းပြီး ဆောင်ရွက်နေကြောင်း၊ High-tech learning , High-touch learning, Blended learning များကိုလည်း ခေတ်အခြေအနေနှင့် လိုက်လျောညီထွေဖြစ်သည့် ပညာရေးစနစ် အပြောင်းအလဲများကို ၂၁ ရာစု ကျွမ်းကျင်မှုရအောင် လုပ်ဆောင်ပေးဖို့လိုကြောင်း၊ ၂၁ ရာစု ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်များကို ကျောင်းသား ကျောင်းသူများ သင်ယူတတ်မြောက်ရေးအတွက် ဆောင်ရွက်ပေးရန် အခြေခံလိုအပ်ချက်သည် အရေးအဖတ်အတွက် သာမက ယနေ့ ICT Skill, Financing Skill, ယဉ်ကျေးမှုနှင့် ပြည်သူ့နီတိစသည်တို့လည်း တန်းတူအရေးကြီးလာကြောင်း၊ ပုံမှန် Traditional Education System မှ ဖောက်ထွက်၍ တစ်မူထူးခြားစွာ လုပ်ဆောင်ပေးရန် လိုအပ်လာကြောင်း” ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၊ ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း (ရန်ကုန်) ကိုယ်ပိုင်ကျောင်း တည်ထောင်အုပ်ချုပ်သူများ ကျောင်းစီမံအုပ်ချုပ်မှု စွမ်းရည်မြှင့်တင်ရေး အွန်လိုင်းသင်တန်း အမှတ်စဉ် (၁/၂၀၂၁) ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

လက်ရှိ COVID – 19 အခြေအနေအရ နည်းပညာကိုအသုံးပြု၍ Online သင်တန်းများ ဆောင်ရွက်နိုင်ရန် အတွက် အဆင်သင့်မဖြစ်သေးသော်လည်း ကျောင်းများမှာရှိတဲ့ ကျောင်းအုပ်များ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများရဲ့ ICT Skill, Learning Management System၊ စီမံခန့်ခွဲမှု စွမ်းရည်တို့ကို မြှင့်တင်ကာ Online သင်တန်းများဖွင့်နိုင်အောင် ပူးပေါင်းပံ့ပိုးဆောင်ရွက်ကြရမှာ ဖြစ်တယ်လို့ ၄င်းက ပြောပါတယ်။

အခမ်းအနားကို ဇန်နဝါရီ ၁၉ ရက်က ဗီဒီယိုကွန်ဖရင့်စနစ်နဲ့ ကျင်းပပြုလုပ်ခဲ့ပြီး ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး၊ပြည်နယ် ပညာရေးမှူးများ၊ ကိုယ်ပိုင်ကျောင်းများအသင်းဥက္ကဋ္ဌ ဆရာကြီးဦးနေအုပ်နှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါတယ်။

-သန္တာ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««