ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ နိုင်ငံတစ်ဝှမ်းရှိ အစိုးရအဖွဲ့အစည်းများကို Web Hosting Service ဝန်ဆောင်မှုပေးသွားမည်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန အနေနဲ့ မြန်မာနိုင်ငံရဲ့ e-Government လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပြီး နိုင်ငံတစ်ဝှမ်းရှိ အစိုးရအဖွဲ့အစည်းများ အသီးသီးမှ Website၊ Application,Online Service အစရှိတဲ့ လုပ်ငန်းစဉ်များ အတွက် သက်သာသော ဝန်ဆောင်ခ နှုန်းထားတွေနဲ့ အစိုးရအဖွဲ့အစည်းတွေကို ဝန်ဆောင်မှုပေးသွားမယ်လို့ Myanmar National Portal မှထုတ်ပြန်ချက်အရ သိရပါတယ်။

နိုင်ငံတစ်ဝှမ်းရှိ အစိုးရအဖွဲ့အစည်းများ အသီးသီးမှ Website၊ Application၊ Online Service အစရှိတဲ့ လုပ်ငန်းစဉ်များအတွက် လိုအပ်တဲ့ Datacenter များတည်ဆောက်ရန်နဲ့ စက်ပစ္စည်းများ ဝယ်ယူတပ်ဆင်ရန် မလိုအပ်တော့ဘဲ e-Government Datacenter တွင် Hosting လာရောက်ထားရှိနိုင်ရန် အတွက် စီစဉ်ဆောင်ရွက်ခဲ့ပြီးချိန်မှာ ဒီအစီအစဉ်ကို စတင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။အစိုးရဌာနတွေအနေနဲ့ အခုလို Web Hosting လာရောက်ထားရှိခြင်းအားဖြင့် ဝက်ဘ်ဆိုက်များ လွှင့်တင်ရာမှာ လည်းကောင်း၊ Online Service တွေ ဝန်ဆောင်မှုပေးရာမှာ လည်းကောင်း အသုံးပြုရန်လိုအပ်တဲ့ Hardware တွေ (ဥပမာ – Server, Switch, Firewall နှင့် Network Accessories အစရှိသည့် စက်ပစ္စည်းများ) ကို ဝယ်ယူတပ်ဆင်ရန် မလိုအပ်တော့တဲ့ အတွက် ရန်ပုံငွေသုံးစွဲမှု လျှော့ချနိုင်ခြင်း၊ အချိန်တိုအတွင်း လျင်မြန်စွာ အသုံးပြုနိုင်ခြင်းနဲ့ သတင်းအချက်အလက်တွေကို လုံခြုံစိတ်ချစွာ သိမ်းဆည်းထားရှိနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးများစွာ ရရှိနိုင်မှာ ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

eGovernment လုပ်ငန်းစဉ်တွေကို အထောက်အကူပြု ပေးနိုင်ရန် ရည်ရွယ်ပြီး ဆောင်ရွက်ခဲ့တာ ဖြစ်တဲ့အတွက် သက်သာသော ဝန်ဆောင်ခ နှုန်းထားတွေနဲ့ အစိုးရအဖွဲ့အစည်းများသို့ ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပြီး Web Hosting စနစ်မှာ ကောက်ခံသွားမယ့် ဝန်ဆောင်မှုနှုန်းထားတွေကို Myanmar National Portal ရဲ့ https://www.myanmar.gov.mm/services လင့်ခ်မှတစ်ဆင့် ဝင်ရောက် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

အသေးစိတ် အချက်အလက်တွေကို သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန ၊ eGovernment ဌာန ၊ Helpdesk ဖုန်း – ၀၆၇၃၄၂၁၇၇၁ ၊ email: info.colocation@e-motc.gov.mm သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်မယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာကနေ  ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««