ပိတ်ရက်အတွင်း ကြည့်သင့်တဲ့ Netflix ပေါ်က တီဗီစီးရီး (၁၅) ခု

အခုလို ပိတ်ရက်ရှည်ကာလထဲမှာ ဘယ်လို ရုပ်ရှင်နဲ့ စီးရီးတွေ ကြည့်ရမလဲ ဆိုတာ ရွေးချယ်ရ ခက်နေတတ်ပါတယ်။ Netflix ရှိသူတွေအတွက်လည်း ရုပ်ရှင်ရွေးချယ်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့် Netflix မှာ ဘယ်လို အမျိုးအစား တီဗီစီးရီးတွေ ရှိလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

Dark (season ၃ ခု)

ဂျာမနီ Netflix စီးရီး Dark ကတော့ Winden ဂျာမန်မြို့ငယ်လေးက ကလေးတွေ ပျောက်ဆုံးမှုနဲ့ စတင်ထားပါတယ်။ မိသားစု ၄ ခုရဲ့ ထူးဆန်းစွာ ဆက်စပ်မှုကို တွေ့ရှိလာပြီး ကလေးတွေ ပျောက်ဆုံးနေတဲ့ အကြောင်းအရင်းကို သိလာပါမယ်။

Warrior Nun (season ၁ ခု)

Warrior Nun စီးရီးမှာတော့ ဆယ်ကျော်သက်မိန်းကလေး အေဗာ (အယ်ဘာဘတ်တစ္စတာ) ဟာ ရှင်းချက်မထုတ်နိုင်တဲ့ စွမ်းအားတွေနဲ့ ရင်ခွဲရုံမှာ နိုးလားပါတယ်။ သူမဟာ လူကောင်းနဲ့ မကောင်းဆိုးဝါးအကြားက ရှေးဟောင်းတိုက်ပွဲ တစ်ခုမှာ ပါဝင်နေရပါတယ်။ သူမအနေနဲ့ Cruciform Sword အဖွဲ့နဲ့ အမျိုးမျိုးတွေ့ကြုံရပါတယ်။ Cruciform Sword အဖွဲ့က ကမ္ဘာကြီးကို မကောင်းဆိုးဝါးရန်က ကာကွယ်ဖို့ သစ္စာဆိုထားတဲ့ စစ်သည်တော်သီလရှင် လျှို့ဝှက်အဖွဲ့အစည်းပဲ ဖြစ်ပါတယ်။အဲဒီစီးရီးက LGBTQI+ အသိုက်အဝန်းကိုလည်း ကိုယ်စားပြုပါတယ်။

Chilling Adventures of Sabrina (season ၄ ခု)

Chilling Adventures of Sabrina ကတော့ ကြောက်မက်ဖွယ်ရာ Archie Comics ကို စိတ်ကူးဉာဏ်ကွန့်မြူးထားတဲ့ စီးရီးဖြစ်တယ်။ ကလေးများစွာက ကြောက်စရာကောင်းတဲ့ လျှို့ဝှက်နက်နဲမှုကို ဖြေရှင်းကြပါတယ်။ Stranger Things ပရိသတ်တွေ အကြိုက်တွေ့မယ့် စီးရီးဖြစ်တယ်။ Chilling Adventures of Sabrina စီးရီးကို အပိုင်းနဲ့ ဖော်ပြထားပြီး အပိုင်း ၄ မှာ ဇာတ်သိမ်းပါမယ်။ အပိုင်း ၄ ကတော့ ၂၀၂၀ နှောင်းပိုင်းမှာ ထွက်ရှိပါမယ်။

Black Spot (season ၂ ခု)

ပြင်သစ်၊ ဘယ်ဂျီယံ သည်းထိတ်ရင်ဖို တီဗီစီးရီး Black Spot ကတော့ ဝေးလံတဲ့ Villefranche ရွာအတွင်းက ရက်စက်ကြမ်းကြုတ်တဲ့ ကွင်းဆက်လူသတ်မှုကို ရဲအရာရှိ အကြီးအကဲနဲ့ ထူးခြားတဲ့ အစိုးရအရာရှိတို့က စုံစမ်းဖော်ထုတ်ဖို့ ကြိုးစားတဲ့အကြောင်းပါ။

Rim of the World (ရုပ်ရှင်)

Rim of the World ကတော့ တီဗီစီးရီး မဟုတ်ဘဲ ရုပ်ရှင်ဖြစ်ပါတယ်။ နွေရာသီစခန်း ဝင်ရောက်တဲ့ ကလေးတွေက ဂြိုဟ်သားတွေနဲ့ တိုက်ပွဲဝင်ရပါတယ်။ သိပ္ပံစိတ်ကူးယဉ် စွန့်စားခန်း ဇာတ်ကားကောင်း တစ်ကားပါ။

Chambers (season ၁ ခု)

Chambers ဇာတ်လမ်းကတော့ ဌာနအမေရိကန် ဆယ်ကျော်သက် ကောင်မလေး Yazzie ဟာ ဆယ်ကျော်သက် လူဖြူမလေး Lefevre ဆီကနေ ရရှိတဲ့ နှလုံးအစားထိုး ခွဲစိတ်မှု ပြုလုပ်အပြီး ကြောက်မက်ဖွယ်ရာ ကိစ္စတွေ မြင်တွေ့နေရပါတယ်။အခု စီးရီးမှာ ပူးပေါင်းကြံစည်မှု၊ လူမျိုးရေးဆိုင်ရာ ပြဿနာနဲ့ မကောင်းဆိုးဝါး Lilith နဲ့ပတ်သက်တဲ့ ကိုးကွယ်မှုဆိုင်ရာ တို့ကို စူးစမ်းထားပါတယ်။
စိတ်မကောင်းစရာက Chambers စီးရီးကို season one ထွက်ရှိပြီးနောက် Netflix ကဖျက်သိမ်းလိုက်ပါတယ်။

The Society (season ၂ ခု)

မြို့တစ်မြို့မှာ အရာရာ လုပ်ကိုင်နေတဲ့ လူကြီးတွေ ပျောက်သွားတာကို ဆယ်ကျော်သက်တစ်စုက သိရှိလာပါတယ်။ သူတို့က ရှင်သန်ဖို့ ကိုယ်ပိုင် အသိုက်အဝန်းကို ဖန်တီးကြပါတယ်။ ဒါပေမဲ့လည်း အရာရာက ထင်သလို ဖြစ်မလာဘဲ လူငယ်တွေက ဖက်ဆစ်ဝါဒနဲ့ အကြမ်းဖက်မှုကို စတင် အသုံးပြုလာကြပါတယ်။

The Society ရဲ့ season 2 ကတော့ ၂၀၂၀ နောက်ပို်ငးမှာ ထွက်လာနိုင်ပါတယ်။

The Magicians (season ၅ ခု)

The Magicians ကတော့ ဟယ်ရီပေါ်တာ ရုပ်ရှင်တွေနဲ့ ဆင်ပါတယ်။ အခုစီးရီးမှာ သဘာဝလွန်ဖြစ်ရပ်တွေ၊ အချစ်၊ အကြမ်းဖက်မှု၊ အပြိုင်စကြဝဠာ၊ ထူးဆန်းတဲ့သတ္တဝါတွေနဲ့ Narnia ကလေးစာအုပ်တွေလို ရှုပ်ရှုပ်ထွေးထွေး နောက်ခံဇာတ်လမ်းတစ်ခုလည်း ပါဝင်လာပါတယ်။ ဟယ်ရီပေါ်တာဇာတ်ကားတွေနဲ့ ကွာခြားတာက အရွယ်ရောက်တဲ့ ဇာတ်ကောင်တွေအပေါ် အခြေခံထားပါတယ်။

The Order (season ၂ခု)

အခုစီးရီးကလည်း ဆယ်ကျော်သက်နဲ့ မှော်ပညာရပ် အကြောင်း ဖြစ်ပေမယ့် သမန်းဝံပုလွေတွေ ပါဝင်လာပါတယ်။The Order ရဲ့ season 2 ကတော့ ဇွန်လမှာ ထွက်ထားပါတယ်။

The Umbrella Academy (season ၂ ခု)

သဘာဝလွန်ဖြစ်ရပ်တွေထက် စူပါဟီးရိုးတွေကို နှစ်သက်သူဆို The Umbrella Academy ကိုကြည့်သင့်ပါတယ်။ နာမည်ကျော် ကောမစ်စာအုပ်တွေကို အခြေခံထားတဲ့ တီဗီစီးရီးဖြစ်ပါတယ်။ ဘီလျံနာတစ်ဦးက စူပါပါဝါရှိတဲ့ ကလေး ၇ ဦးကို မွေးစားပြီး လေ့ကျင့်ပေးတဲ့ ဇာတ်လမ်းပါ။The Umbrella Academy Season 2 ကိုတော့ Netflix ပေါ်မှာ ဇူလိုင်လ ၃၁ ရက်မှာ လွှင့်ပါမယ်။

I Am Not Okay With This (season ၁ ခု)

ဆယ်ကျော်သက် မိန်းကလေး Syd ဟာ ဖခင်ဆုံးရှုံးမှုနဲ့ ပတ်သက်ပြီး ရင်ဆိုင်နေရသလို အထက်တန်းကျောင်းမှာ ဖြစ်ပေါ်နေကျ ပြဿနာလည်း ရှိပါတယ်။ ဖော်ပြလိုက်တဲ့ ဇာတ်လမ်းက အခုစီးရီးရဲ့ အဓိကကိစ္စ မဟုတ်ပါဘူး။ ရုတ်တရက်ပဲ Syd ဟာ စူပါပါဝါရရှိလာပြီး ဘယ်လို အသုံးချဆိုတာလည်း မသိပါဘူး။ သူမက အပယ်ခံတစ်ယောက် ဖြစ်ပြီး လူတွေကို ကျေနပ်အောင် ပြုလုပ်ဖို့လည်း စိတ်မဝင်စားပါဘူး။ ကြည့်သင့်တဲ့ တီဗီစီးရီးတစ်ခုပါ။

Misfits (season ၅ ခု)

ဗြိတိန်တီဗီအစီအစဉ် Misfits ကတော့ ငယ်ရွယ်တဲ့ စူပါဟီးရိုးတွေ အကြောင်း ရိုက်ကူးထားပါတယ်။ ထူးဆန်းကြောက်မက်ဖွယ်ရာ မုန်တိုင်းတစ်ခုကြောင့် လူငယ်ထိန်းသိမ်းရေးစခန်းက ဆိုးသွမ်းလူငယ် နေသန်၊ ကယ်လီ၊ ကားတစ်၊ အယ်လီရှာ၊ ဆိုင်မွန်နဲ့ ဂယ်ရီတို့ကို စူပါပါဝါတွေ ရရှိလာပါတယ်။

The OA (season ၂ ခု)

The OA ကတော့ ပရီရေရီဂျွန်ဆင်ဟာ ထူးဆန်းစွာ ပျောက်ဆုံးသွားပြီး ၇ နှစ်အကြာ မီချီဂန်ဆင်ခြေဖုံးက မိသားစုဆီ ပြန်ရောက်လာပါတယ်။ ပျောက်ဆုံးသွားတုန်းက သူမဟာ မျက်စိမမြင်ပေမယ့် ပြန်လည် ရောက်ရှိချိန်မှာတော့ အမြင်အာရုံပြန်ရနေပါတယ်။Netflix အနေနဲ့ The OA season ၂ ခု ထွက်ရှိအပြီးမှာ ဖျက်သိမ်းလိုက်ပါတယ်။

Sense8 (season ၂ ခု)

ဝါချောစကီး ညီအစ်မတွေရဲ့ Sense8 စီးရီးကတော့ မတူညီတဲ့ လူများစွာ နာမ်တန်ခိုးတွေကို ဝေမျှခံစားကြရတဲ့အကြောင်းပါ။ Sense 8 စီးရီးက လူကြိုက်များပေမယ့်လည်း အပိုင်းတစ်ခု ဖန်တီးဖို့ ဒေါ်လာ ၉ သန်း ကျသင့်တာကြောင့် အစီအစဉ်ကို ဖျက်သိမ်းဖို့ Netflix ကဆုံးဖြတ်လိုက်ပါတယ်။

Hemlock Grove (season ၃ ခု)

Hemlock Grove မှာတော့ သွေးစုပ်ဖုတ်ကောင်၊ သမန်းဝံပုလွေ၊ သန္ဓေပြောင်းလူသား၊ စိတ်စွမ်းအင်၊ စုန်းမတွေ ပါဝင်လာပါတယ်။

-စိုးထက်
Ref: CNET