ပရိုဂရမ်ရေးဆွဲခြင်းကို အခြေခံကနေသင်ကြားပေးမယ့် Mac app အသစ်ကို Apple ဖြန့်ချိ

Apple ဟာ Swift နဲ့ code ရေးသားနည်းသင်ကြားနိုင်ဖို့ Mac အတွက် Swift Playground app ကို ဖြန့်ချိလိုက်ပါတယ်။ Apple ဟာ ကလေးတွေ ပရိုရေးဆွဲမှုကို အားပေးဖို့ ၂၀၁၆ ခုနှစ်အတွင်း Swift Playground ကို iPad မှာဖြန့်ချိခဲ့ပါတယ်။

အခု app ကို Mac နဲ့ iPad အတွက် app တစ်ခုတည်းအဖြစ် ရေးသားဖို့ developer တွေအတွက် လွယ်ကူအောင် Apple ရဲ့ ပရိုဂရမ် Catalyst မှာဖန်တီးထားတာ ဖြစ်ပါတယ်။ ပရိုရေးဆွဲဖို့ code မရေးသားတတ်သူတွေအတွက် အခု app ကို ဖြန့်ချိလိုက်တာဖြစ်တယ်လို့ Apple ကပြောကြားထားပါတယ်။ “Swift Playground ကိုအသုံးပြုဖို့ code နဲ့ပတ်သက်တဲ့ အသိပညာရှိစရာ မလိုပါဘူး။ ဒါကြောင့် စတင်လေ့လာမယ့် ကျောင်းသားတွေအတွက် အလွန်သင့်တော်ပါတယ်။ Apple ကဖန်တီးထားပြီး ပရောဖက်ရှင်နယ်သမားတွေ အသုံးပြုတဲ့ စွမ်းဆောင်ရည်မြင့် Swift ပရိုဂရမ်ဘာသာစကားကို သင်ယူပြီး ယနေ့ခေတ်ရဲ့ နာမည်ကျော် app များစွာကို တည်ဆောက်နိုင်ပါတယ်။ ရေးသားလိုက်တဲ့ code တွေက Mac နဲ့ iPad အကြား ချောမွေ့အောင် ဆောင်ရွက်ပေးပါတယ်” လို့ app ဖော်ပြချက်မှာ ရေးသားထားပါတယ်။

စိုးထက်
Ref: TheNextWeb