ပညာရေးဝန်ကြီးဌာနအား Myanmar Digital Education Platform အသုံးပြုနိုင်ရန် အခမဲ့ဒေတာ အသုံးပြုခွင့်ကို အူရီဒူးပံ့ပိုး

အူရီဒူးမြန်မာမှ အင်တာနက်အခြေပြု သင်ယူမှုပြုလုပ်နိုင်ဖို့ရည်ရွယ်ကာ Myanmar Digital Education Platform (MDEP) ကို အသုံးပြုနိုင်ဖို့အတွက် အခမဲ့ ဒေတာအသုံးပြုခွင့်ကို အနည်းဆုံး ၆ လ အသုံးပြုခွင့်နဲ့ ပညာရေးဝန်ကြီးဌာနကို ပံ့ပိုးကူညီသွားမယ်လို့သိရပါတယ်။

ပညာရေးဝန်ကြီးဌာနမှ အွန်လိုင်းအခြေပြုသင်ယူနိုင်သော ပလက်ဖောင်းတစ်ခုဖြစ်တဲ့ MDEP (http://mdep.moe.edu.mm) ကို စီစဉ်ဆောင်ရွက်ထားပြီး ကျောင်းဆရာ ဆရာမများအနေနဲ့ မည်သည့်နေရာမှာ မဆို အဆိုပါ အဝေးသင်စနစ်ဖြင့် လေ့လာနိုင်မှာဖြစ်ပါတယ်။ အဆိုပါ ဝက်ဘ်ဆိုက်မှာ ကျောင်းသုံးဖတ်စာအုပ်များ၊ ဆရာသုံးသင်ကြားရေးလမ်းညွှန်စာအုပ်၊ အခြားသော သင်ကြားရေး အထောက်အကူတွေနဲ့ သင်ကြားရေးဆိုင်ရာ ဗီဒီယိုတွေကို တင်ထားပေးလျက်ရှိတယ်လို့သိရပါတယ်။ Grade 4, Grade 7 နှင့် Grade 10 သင်ရိုးညွှန်းတမ်းအသစ်ကို လာမည့်စာသင်နှစ်မှာ ပြောင်းလဲသင်ကြားရမည်ဖြစ်ပြီး အဆိုပါ သင်ရိုးညွှန်းတမ်းတွေကို အွန်လိုင်းပေါ်တွင်ထားရှိထားမှာဖြစ်သလို ဆရာ ဆရာမများက အွန်လိုင်းမှတစ်ဆင့် သင်ကြားပေးကြမှာဖြစ်ပါတယ်။

ယခုကဲ့သို့ COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားရေးစဉ်ကာလအတွင်း ပညာရေးဝန်ကြီးဌာနရဲ့ အင်တာနက်အခြေပြုသင်ယူမှုပြုလုပ်နိုင်မယ့် ပလက်ဖောင်းတစ်ခုဖြစ်တဲ့ MDEP ကို အဝေးသင်ပညာရေးစနစ်မှ တစ်ဆင့် ဆရာ ဆရာမများအနေဖြင့် ဆက်လက်ပြီး ပညာရေးကို လေ့ကျင့်သင်ကြားနိုင်ဖို့အတွက် ဒေတာအသုံးပြုခ ပေးစရာမလိုဘဲ အခမဲ့အသုံးပြုနိုင်အောင် အူရီဒူးက ပံ့ပိုးကူညီပေးသွားမှာဖြစ်ပြီး အူရီဒူးဆင်းမ်ကတ်အသုံးပြုတဲ့ နိုင်ငံတစ်ဝန်းရှိ ဆရာ ဆရာမပေါင်း ၄၅၀,၀၀၀ မှ MDEP (http://mdep.moe.edu.mm) ကို ဒေတာအသုံးပြုခ အခမဲ့ဖြင့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း