ပညာရေးဝန်ကြီးဌာနမှ Covid-19 ကာကွယ်ထိန်းချုပ်ရေးအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူ

၂၀၂၀ -၂၀၂၁ ပညာသင်နှစ်မှာ Covid-19 ကာကွယ်ထိန်းချုပ်ရေး၊ ကုသရေးလုပ်ငန်းများအတွက် လိုအပ်နေတဲ့ Mask, Face Shield နဲ့ Infrared Thermometer တွေကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ခရိုင် ပညာရေးမှူးရုံးများကို အရောက်ပေးပို့ရန် ရှိနေတဲ့အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်တွေ အနေနဲ့ အိတ်ဖွင့် တင်ဒါတင်သွင်းနိုင်ဖို့ ပညာရေးဝန်ကြီးဌာနက ခေါ်ယူနေတယ်လို့သိရပါတယ်။

နိုင်ငံသားပိုင်လုပ်ငန်း မှတ်ပုံတင်ရှိတဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်များသာ တင်သွင်းရမှာဖြစ်ပြီး အိတ်ဖွင့်တင်ဒါပေးသွင်းရမယ့် ပုံစံကို နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ရုံးအမှတ် (၁၃) မှာ ဇွန် ၃ ရက်မှ စပြီး လာရောက်ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။ တင်သွင်းရမယ့် ပစ္စည်းပုံစံနဲ့ ပတ်သက်ပြီး ရှင်းလင်းပွဲကိုတော့ ဇွန် ၅ ရက် နေ့လယ် ၁ နာရီမှာ နေပြည်တော် ဇဗ္မူသီရိမြို့နယ်ရှိ အမှတ်(၅)အခြေခံ အထက်တန်းကျောင်းမှာ ပြုလုပ်ပြီး ရှင်းလင်းပြောကြားသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

တင်ဒါနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို တင်ဒါမတင်သွင်းမီ ပြုလုပ်တဲ့ ရှင်းလင်းပွဲမှာသာ ဖြေကြားပေးမှာဖြစ်ပြီး နောက်ပိုင်းရက်တွေမှာ လူကိုယ်တိုင်လာရောက်မေးမြန်းခြင်း၊ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခြင်းတို့ကို လက်ခံမှာမဟုတ်ဘူးလို့ သိရပါတယ်။ တင်ဒါတင်သွင်းရမယ့် နောက်ဆုံးရက်က ဇွန် ၉ ရက်၊ ညနေ ၄ နာရီဖြစ်ပြီး ဇွန် ၁၁ ရက် နံနက်မှာ အိတ်ဖွင့်တင်ဒါတွေကို ဖွင့်ဖောက်ပြီး ဈေးနှုန်းစိစစ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

-ကျော်ဇေယျ