ပညာရေးစီမံခန့်ခွဲမှု အသိအမှတ်ပြုလက်မှတ်ရ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ပညာရေးစီမံခန့်ခွဲမှု အသိအမှတ်ပြုလက်မှတ်ရသင်တန်း (Certificate in Education Management – CEM Training) ဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၁ ရက်က နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမမှာ Video Conferencing စနစ်နဲ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ပညာရေးစီမံခန့်ခွဲမှု ဒီပလိုမာဘွဲ့လွန်သင်တန်း( Diploma in Education Management -DEM) ကို ၂၀၁၉ ခုနှစ် ဩဂုတ်လ ၃၀ ရက်တွင် ပညာရေးဝန်ကြီးဌာန (နေပြည်တော်) တွင် ဖွင့်လှစ်ခဲ့ကြောင်း၊ DEM သင်တန်းသည် ရန်ကုန်ပညာရေးတက္ကသိုလ်က ဘွဲ့ ပေးအပ်မည့် နိုင်ငံတကာအဆင့်မီ ဘွဲ့လွန်ဒီပလိုမာဘွဲ့ဖြစ်ပြီး သင်တန်းကာလ တစ်နှစ်တွင် Total credit က 21 credit ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာန ပညာရေးတက္ကသိုလ်နှင့် စီးပွားရေးတက္ကသိုလ်မှ ပညာရှင်များက ၎င်းတို့၏အတွေ့အကြုံများကို သီအိုရီနှင့် လက်တွေ့ပေါင်းစပ်ပြီး ဆွေးနွေးပို့ချခဲ့ကြခြင်းဖြစ်ကြောင်း၊ ဘွဲ့လွန်ဒီပလိုမာဘွဲ့ရ DEM သင်တန်းဆင်းများ မှတစ်ဆင့် ပညာရေး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများတွင် အောင်မြင်သည့်ပြောင်းလဲမှုများကို ဖော်ဆောင်နိုင်စေပြီး စွမ်းရည်မြင့်မားသည့် ခေါင်းဆောင်မှုများ ရရှိသွားစေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုဖွင့်လှစ်မည့် CEM သင်တန်းသည် DEM သင်တန်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး CEM တွင် ပို့ချမည့်အကြောင်းအရာများသည် ပညာရေး၏ အခြေခံများကိုဦးဆောင်မှုပေးခြင်း၊ လူ့စွမ်းအားအရင်းအမြစ်များကို စီမံခန့်ခွဲခြင်း၊ မူဝါဒ၊ သုတေသနနှင့် စီမံကိန်းရေးဆွဲခြင်း၊ ပြုပြင် ပြောင်းလဲမှုဆိုင်ရာ စီမံခန့်ခွဲမှုများနှင့် ဆက်သွယ်ပြောဆိုမှုစွမ်းရည်တို့ ဖြစ်ပါကြောင်း၊ မိမိလုပ်ငန်း အတွက် အကျိုးရှိသည့်သင်တန်းတစ်ခု ဖြစ်သည့်အတွက် ပူးပေါင်းသင်ယူကြရန် တိုက်တွန်းကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။

CEM သင်တန်းကို ရန်ကုန်ပညာရေးတက္ကသိုလ်၊ ပညာရေးသဘောတရားဌာနက စက်တင်ဘာ ၁ ရက်က Zoom နဲ့ စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါတယ်။ CEM သင်တန်းအတွက် အဓိက ရည်ရွယ်သည့် အုပ်စု (Target Group) အနေဖြင့် ပညာရေးဝန်ကြီးဌာနမှ သင်တန်းဌာနမှူးများ၊ တက္ကသိုလ်အသီးသီးကို ဉီးဆောင်မည့် ဒုတိယပါမောက္ခချုပ်များ၊ အခြေခံပညာဦးစီးဌာနရှိ ကျောင်းအုပ်ကြီးများအတွက် ရည်ရွယ်ထားခြင်းဖြစ်ပြီး သင်တန်းကာလမှာ ရက် ၄၀ ဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းပြီးမြောက်ပါက ရန်ကုန်ပညာရေးတက္ကသိုလ်မှ အသိအမှတ်ပြုလက်မှတ် ပေးအပ်မှာဖြစ်ပြီး CEM သင်တန်းပြီးမြောက်ပါ က DEM သင်တန်းကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

-သန္တာ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««