ပညာရေးကဏ္ဍ လေ့လာသုံးသပ်ခြင်းဆိုင်ရာအစည်းအဝေး ကျင်းပ

ပညာရေးဝန်ကြီးဌာနနဲ့ ယူနက်စကို-မြန်မာတို့ ပူးပေါင်းကာ ပညာရေးကဏ္ဍ လေ့လာသုံးသပ်ခြင်း (Education Sector Analysis) ဆိုင်ရာ အစည်းအဝေးကို နိုဝင်ဘာ ၁၈ ရက်က အွန်လိုင်းမှ ကျင်းပခဲ့ပါတယ်။

ပညာရေးကဏ္ဍ လေ့လာသုံးသပ်ခြင်းအစီရင်ခံစာ ထွက်ပေါ်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ယူနက်စကို ပညာရေးစီမံကိန်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (UNESCO IIEP) မှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြသူများ အားလုံးကို အထူး ကျေးဇူးတင်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) (၂၀၁၈-၂၀၃၀) နှင့် ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် (SDG) ၂၀၃၀ ရည်မှန်းချက်များ ပြည့်မီရေးသို့ ဦးတည်ကာ ဘက်စုံလွှမ်းခြုံသော ပညာရေးကဏ္ဍလေ့လာသုံးသပ်မှု (CESR)မှ အပိုင်း (၁) Rapid Assessment အပိုင်း (၂) In-depth Analysis မှ အကြံပြုထောက်ခံချက်များ၊ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) နှစ်လယ်သုံးသပ်ချက် အစီရင်ခံစာတို့မှ ထောက်ခံအကြံပြုချက်များ၊ လက်တွေ့အကောင် အထည်ဖော်ရာတွင် လေ့လာတွေ့ရှိရသည့် အောင်မြင်မှုများနှင့် စိန်ခေါ်မှုများတို့ကို အခြေခံကာ အမျိုးသား ပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ကို ရေးဆွဲလျက်ရှိကြောင်း၊ ဘေးကင်းလုံခြုံ၍ ကျန်းမာ ပျော်ရွှင်သော အရည်အသွေးရှိ တစ်သက်တာသင်ယူမှု ပတ်ဝန်းကျင်ကောင်းများ ဖြစ်လာစေရန် ဖြည့်ဆည်း၍ သင်ယူတတ်မြောက်မှုစွမ်းရည်များနှင့် လူမှုရေးဆိုင်ရာ စွမ်းရည်များ မြင့်မားလာစေရန် ဦးတည်၍Stake-holders များ၏ အကြံပြုချက်များကို ထည့်သွင်း ပြုစုလျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရ၏ ရည်မှန်းချက်များနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ ၏ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် လိုက်လျောညီထွေ ရှိစေရန်လည်း အလေးထားပူးပေါင်းရေးဆွဲလျက်ရှိကြောင်း၊ ပညာရေးကဏ္ဍလေ့လာသုံးသပ်ခြင်း (Education Sector Analysis) မှ အဓိက တွေ့ရှိချက်များသည် မဟာဗျူဟာစီမံကိန်းများနှင့် လုပ်ငန်းစဉ်များကို အထောက်အကူပြုကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

အဆိုပါ ဆွေးနွေးပွဲသို့ ပညာရေးနှင့်ဆက်စပ်သော ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များနှင့် အရာရှိ ကြီးများ၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များကော်မတီ၊ ဖွံ့ဖြိုးတိုးတက်ရေးမိတ်ဖက်များ၊ ပြည်တွင်းပြည်ပ ကျွမ်းကျင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««