နှလုံးခုန်စက်ထည့်ထားသူ အနီး iPhone မသုံးဖို့ Apple သတိပေး

Apple ဟာ အခုအပတ်အတွင်း iPhone အသစ်ဖြစ်တဲ့ iPhone 12 နဲ့ ၂၀၂၀ ထုတ် iPhone တွေချိတ်ဆက်ထားတဲ့ MagSafe သံလိုက်အားသွင်းစနစ် ထုတ်ကုန်တို့ကို နှလုံးခုန်စက် ဒါမှမဟုတ် ခွဲစိတ်ကုသထည့်သွင်းရတဲ့ နှလုံးခုန်စက် (ICD) အနားမှာထားရင် အန္တရာယ်ရှိကြောင်း သတိပေးထားပါတယ်။

အခု အသစ်ထွက်လာတဲ့ သတိပေးချက်မှာတော့ ဘယ် iPhone ကိုမဆို နှလုံးခုန်စက်နဲ့ ၆ လက်မ ပတ်ဝန်းကျင်မှာ ထားတာ ဒါမှမဟုတ် ၁၅ လက်မ ပတ်ဝန်းကျင်အတွင်း ကြိုးမဲ့အားသွင်းထားရင် အန္တရာယ်ဖြစ်နိုင်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ သတိပေးချက်အသစ်အရ iPhone 12 တင်မကဘဲ အခြား iPhone မော်ဒယ်တွေကလည်း အန္တရာယ်ဖြစ်နိုင်ပါတယ်။

လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က Heart Rhythm ဂျာနယ်က MagSafe နဲ့ iPhone 12 ကိုတော့ အသက်ကယ် နှလုံးခုန်စက်တပ်ထားသူအနား သွားထားမိရင် နှလုံးခုန်စက်လုပ်ဆောင်ချက်ကို အနှောင့်အယှက်ပြုနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ အဲဒီ သတင်းထွက်လာအပြီးမှာ နည်းပညာစိတ်ဝင်စားသူတွေက ဖိုရမ်၊ Twitter နဲ့ Reddit ထင်မြင်ချက်တွေ ရေးသားခဲ့ကြပါတယ်။ iPhone 12 ဟာ MagSafe နဲ့အားသွင်းတဲ့အခါ နှလုံးခုန်စက်တပ်ထားသူတွေအတွက် အလွန်ပဲ အန္တရာယ်ရှိတဲ့အကြောင်း ဆွေးနွေးခဲ့ကြပါတယ်။

Apple ရဲ့သတိပေးချက်အသစ်အရ MagSafe မသုံးပေမယ့် iPhone 12 အပြင် iPhone 11, iPhone X နဲ့ အခြား iPhone ဖုန်းတွေကို နှလုံးခုန်စက်အနား ထားရှိတဲ့အခါမှာ အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် iPhone သုံးစွဲသူတွေအနေနဲ့ နှလုံးခုန်စက်တပ်ထားသူအနားမှာ ဖုန်းအသုံးမပြုဖို့ သတိရှိသင့်ပါတယ်။

-စိုးထက်
Ref: ArsTechnica

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««