နံရံပေါ်မှာ လက်မ ၁၅၀ ရုပ်ပုံတွေကို ဖော်ပြပေးနိုင်မယ့် LG ရဲ့ပထမဆုံး 4K ပရော်ဂျက်တာ

LG ဟာ ၂၀၁၈ ခုနှစ် လက်စ်ဗီးဂတ်စ်မြို့မှာ ပြုလုပ်မယ့် CES ပွဲမှာ ပြသမယ့် 4K HDR ပရော်ဂျက်တာကို ထုတ်ဖော် မိတ်ဆက်ခဲ့ပါတယ်။ အခု UHD ပရော်ဂျက်တာအသစ်ဟာ ဈေးကွက်ထဲက 4K ထုတ်ကုန်တွေထက် အရွယ်အစား သေးငယ်တယ်လို့ LG ကပြောပါတယ်။

HU80KA လို့ခေါ်တဲ့ UHD ပရော်ဂျက်တာဟာ ဈေးသက်သာတဲ့ ပရီမီယံထုတ်ကုန်ဖြစ်ပြီး ရုပ်ပုံတွေကို လက်မ ၁၅၀ အထိ ဖော်ပြပေးနိုင်ပါတယ်။ ပရော်ဂျက်တာနဲ့ အလင်းအားက ၂,၅၀၀ lumens ရှိတဲ့အတွက် ကုမ္ပဏီရဲ့ အလင်းအား အကောင်းဆုံး ပရော်ဂျက်တာဖြစ်ပြီး ဈေးကွက်ထဲမှာ ရှိနေတဲ့ 4K HDR ပရော်ဂျက်တာကို ကောင်းကောင်း ယှဉ်ပြိုင်နိုင်ပါတယ်။

HU80KA မှာ 4K ရုပ်ထွက်အရည်အသွေး ထောက်ပံ့ထားပေမယ့် HDR10 နဲ့ HDR ဗီဒီယို အထောက်အပံ့လည်း ပါဝင်လာပါတယ်။ အဲဒီပရော်ဂျက်တာကို ကြမ်းပြင်ပေါ်မှာ ဒါမှမဟုတ် နံရံမှာ တပ်ဆင်ထားသလို မျက်နှာကြက်မှာလည်း ဆွဲထားနိုင်ပါတယ်။

ပရော်ဂျက်တာမှာ 7-watt ရှိတဲ့ စပီကာနှစ်လုံးလည်း ပါဝင်ပြီး soundbar နဲ့တွဲဖက်အသုံးပြုနိုင်ပါတယ်။ Audio output အပြင် optical, HDMI နဲ့ Bluetooth စတဲ့ option တွေပါဝင်လာပါတယ်။ USB drive ကမီဒီယာတွေလည်း ကြည့်နိုင်ပြီး external keyboard နဲ့ mouse နဲ့ချိတ်ဆက်နိုင်ပါတယ်။

LG ရဲ့တီဗီတွေမှာ ပါဝင်တဲ့ webOS အသုံးပြုထားတာကြောင့် streaming app တွေက ဝန်ဆောင်မှုတွေကို အသုံးပြုနိုင်ပါတယ်။

LG အနေနဲ့ HU80KA ရဲ့ဈေးနှုန်းကို မထုတ်ပြန်သေးမယ့် CES မှာ home theater နဲ့အတူ ဈေးနှုန်းထုတ်ပြန်ဖွယ်ရှိတယ်လို့ သိရပါတယ်။

စိုးထက်
Ref: TheVerge