နေ့စဉ် Google Meet ကို စတင်အသုံးပြုသူ ၃ သန်းရှိလာ

Google ရဲ့ အစည်းအဝေးပြုလုပ်တဲ့ Meet ဝန်ဆောင်မှုကို နေ့စဉ် သုံးစွဲသူအသစ် ၃ သန်းရှိလာတယ်လို့ Google စီအီးအို ဆန်းဒါးပီချိုင်းက ပထမသုံးလပတ်ဝင်ငွေစာရင်း အစည်းအဝေးမှာ ထုတ်ပြန်သွားပါတယ်။ Google ဟာ ဒီလအစောပိုင်း ဧပြီ ၉ ရက်မှာ Meet သုံးစွဲသူသစ် ၂ သန်း ကျော်ရှိတယ်လို့ ထုတ်ပြန်ခဲ့ဖူးပါတယ်။ ဒါကြောင့် Google Meet သုံးစွဲသူတွေ တိုးတက်လာတဲ့ သဘောဖြစ်ပါတယ်။ COVID-19 ကပ်ရောဂါအတွင်း အိမ်မှာပဲ နေထိုင်ရတဲ့အတွက် ကျောင်းတွေက စာသင်တဲ့အခါမှာ အသုံးပြုနေပြီး လုပ်ငန်းအတွက် အစည်းအဝေးတွေမှာလည်း ပိုမိုအသုံးပြုလာတာကြောင့် Meet သုံးစွဲသူ အလွန်တိုးတက်လာတာ ဖြစ်ပါတယ်။

“ပြီးခဲ့တဲ့အပတ်က ကျွန်တော်တို့ဟာ ထင်ရှားတဲ့ သမိုင်းမှတ်တိုင်ကို ရရှိခဲ့ပါတယ်။ အခုဆိုရင် Meet ကို နေ့စဉ် စတင်သုံးစွဲသူ ၃ သန်း ရှိလာပါတယ်။ ဇန်နဝါရီလနောက်ပိုင်းကတည်းက အသုံးပြုမှု ၃ ဆ မြင့်တက်လာပါတယ်။ အခုဆိုရင် နေ့စဉ် Meet မှာ အစည်းအဝေးပြုလုပ်သူ သန်း ၁၀၀ ကျော် သွားပြီ ဖြစ်ပါတယ်။

Google ရဲ့ G Suite လုပ်ငန်းသုံး app တွေထဲမှာ ပါဝင်တဲ့ Meet ကို လုပ်ငန်းများစွာ ပိုမိုအသုံးပြုလာဖို့ Google က မေလ ၃ ရက်မှာ အဆင့်မြင့် feature သစ်တွေကို အခမဲ့ပေးထားပါတယ်။ အဲဒီ feature တွေကို စက်တင်ဘာ ၃၀ အထိ အသုံးပြုနိုင်မယ်လို့ ထုတ်ပြန်ထားပါတယ်။ Google က Meet ကို Zoom နဲ့ Microsoft Teams တို့ကို ယှဉ်ပြိုင်ဖို့ feature သစ်တွေထည့်သွင်းနေပါတယ်။ Zoom လိုမျိုး galler view နဲ့ နောက်ခံအသံ လျှော့ချပေးတဲ့ feature တွေကို ထည့်သွင်းလိုက်ပါတယ်။ Zoom ကို နေ့စဉ်သုံးစွဲသူ သန်း ၃၀၀ ရှိပြီး Meet မှာတော့ နေ့စဉ်သုံးစွဲသူ သန်း ၁၀၀ ပဲ ရှိပါတယ်။

စိုးထက်
Ref: TheVerge

Facebook မှာ နောက်ဆုံးရ နိုင်ငံတကာနဲ့ ပြည်တွင်းက နည်းပညာသတင်းတွေ၊ ပညာရေးသတင်းတွေ ဖတ်ချင်ရင် https://www.facebook.com/InternetJournal ကို like လုပ်ထားဖို့တော့ လိုမယ်နော်…