နောက်လာမည့် သုံးနှစ်အတွင်း Datacom ကျွမ်းကျင်သူဦးရေ ၁၅၀,၀၀၀ ဦးကို မွေးထုတ်ပေးနိုင်မည့် Datacom ကျွမ်းကျင်လက်မှတ် အစီအစဉ်ကို Huawei မိတ်ဆက်

၂၀၁၉-၂၀၂၀ ကမ္ဘာ့အဆင့် Huawei ICT ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်မှာ Huawei က “အနာဂတ်ကို ချိတ်ဆက်မည့် Datacom” အမည်နဲ့ Datacom ကျွမ်းကျင်လက်မှတ်အစီအစဉ် ကမ္ဘာ့အဆင့်မိတ်ဆက်ပွဲအခမ်းအနားကို တုံးကွမ်း၊ စုံရှန်ရေကန်ရှိ Huawei အခြေစိုက်ရုံးမှာ နိုဝင်ဘာလ ဒုတိယပတ်အတွင်းက ကျင်းပခဲ့ပါတယ်။

Huawei Datacom ကျွမ်းကျင်လက်မှတ်အစီအစဉ်မှာ Datacom ကျွမ်းကျင်သူတွေကို လေ့ကျင့်ပျိုးထောင်ပေးမယ့် စံနှုန်းများပင် ဖြစ်ကြောင်း၊ သုံးစွဲသူများ၊ မိတ်ဖက်များနဲ့ ပူးပေါင်း၍ အောင်မြင်တဲ့ Datacom ကွန်ရက်ကျွမ်းကျင်ပညာရှင် ဂေဟစနစ်တည်ဆောက်နိုင်ရန်အတွက် လာမယ့် သုံးနှစ်တာအတွင်း Huawei မှ Datacom ပြိုင်ပွဲ ၁၀ ခု၊ ထူးခြားကောင်းမွန်သည့် အွန်လိုင်းသင်တန်း အခု ၃၀ နဲ့ Datacom ကွန်ရက်များဆိုင်ရာ ဖတ်စာအုပ်များ၊ အွန်လိုင်းဆွေးနွေးပွဲ အခု ၃၀ တို့ကို ပံ့ပိုးတင်ဆက်သွားမှာဖြစ်ကြောင်း၊ Datacom အင်ဂျင်နီယာ ၁၅၀,၀၀၀ ကိုလည်း အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးသွားကာ Datacom ကွန်ရက် ကျွမ်းကျင်သူ ဂေဟစနစ်ကို ချဲ့ထွင်ရင်း အသိဉာဏ်မြင့် IP ကွန်ရက်များ၏ အနာဂတ်ကို ပုံဖော်သွားမှာဖြစ်ကြောင်း သိရပါတယ်။

Huawei Datacom အသိအမှတ်ပြုလက်မှတ်အစီအစဉ်က ယခင် Routing နဲ့ Switching ဆိုင်ရာ အသိအမှတ်ပြု လက်မှတ်အစီအစဉ်ကို အဆင့်မြှင့်တင်ထားခြင်း ဖြစ်ပြီး အဆင့်မြင့်နည်းပညာများ၊ များပြားလှသော ကဏ္ဍများ၊ စုံလင်သော စွမ်းဆောင်နိုင်မှုများနှင့် လက်တွေ့လိုအပ်သည့် အရည်အချင်းများကို ပေါင်းစပ်ထည့်သွင်းထားကြောင်း၊ လက်မှတ်ရရှိသော ကျွမ်းကျင်သူများအနေဖြင့် အခြေအနေ အမျိုးမျိုးတွင် ရှိသည့် ကွန်ရက်များကို စီမံခြင်း၊ တပ်ဆင်ခြင်း၊ လည်ပတ်စေခြင်း၊ ထိန်းသိမ်းခြင်းနှင့် အကောင်းဆုံး အသုံးပြုခြင်းများကို ပြုလုပ်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။

Huawei Datacom အသိအမှတ်ပြုလက်မှတ်အစီအစဉ်မှာ နောက်ဆုံးပေါ် Datacom ကွန်ရက်နည်းပညာများ ဖြစ်တဲ့ SDN, VXLAN, SR/SRv6 နဲ့ ကွန်ရက်စီစဉ်ခြင်း၊ အလိုအလျောက် လည်ပတ်စေခြင်း ဆိုင်ရာ အသိပညာပေးခြင်းများ ပါဝင်သလို campus ကွန်ရက်များ၊ WAN, SD-WAN တို့ကဲ့သို့သော Datacom နယ်ပယ်များဆိုင်ရာ လေ့လာမှုများလည်း ပါဝယ်မယ်လို့ သိရပါတယ်။

“Huawei က အသိဉာဏ်မြင့် IP ကွန်ရက် solution ကို အဆင့်မြှင့်တင်ထားပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ hardware ပိုင်း၊ software ပိုင်းတွေကို ပြန်တည်ဆောက်ထားပြီး ဖြစ်သလို အဆင့်သုံးဆင့်ပါ ဆောက်လုပ်မှု (အထူးစွမ်းဆောင်နိုင်စွမ်း၊ အထူးချိတ်ဆက်နိုင်စွမ်း၊ အသိဉာဏ်မြင့် O & M) ကိုလည်း အဆင့်မြှင့်တင်ထားပြီး ဖြစ်ပါတယ်။ အဲဒီအပြင် (CloudEngine switch တွေ၊ NetEnginge routerတွေ၊ AirEngine Wi-Fi 6 AC နဲ့ AP တွေ၊ HiSecEngine security gatewayတွေ စတဲ့) “အင်ဂျင်လေးလုံး” brand မဟာဗျူဟာကိုလည်း မိတ်ဆက်ထားပါတယ်။ မိတ်ဖက်တွေ၊ သုံးစွဲသူတွေနဲ့ ပူးပေါင်းလုပ်ကိုင်ပြီး ကျွန်တော်တို့ဟာ အခြေအနေ အသီးသီးအလိုက် solution တွေကို ဖန်တီးထားပြီး အားလုံးအတွက် အသိဉာဏ်မြင့် ချိတ်ဆက်နိုင်စွမ်းကို အရှိန်အဟုန်မြင့်လည်ပတ်စေဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဂေဟစနစ်ဖွံ့ဖြိုးဖို့နဲ့ အသိဉာဏ်မြင့် IP ကွန်ရက်တွေအတွက် အနာဂတ်သစ်တစ်ခုကို တည်ဆောက်ဖို့အတွက် Datacom ကွန်ရက်စံနှုန်းသစ်စုစည်းမှု တစ်ခုကိုလည်း ဖန်တီးမိတ်ဆက်ထားပါတယ်” လို့ Huawei Data Communication Product Line ရဲ့ ဥက္ကဋ္ဌ Kevin Hu က ပြောကြားခဲ့ပါတယ်။

Huawei Datacom အသိအမှတ်ပြုလက်မှတ်အစီအစဉ်ကို HCIA-Datacom, HCIP-Datacom နဲ့ HCIE-Datacom ဆိုပြီး အဆင့်သုံးဆင့်ခွဲခြားထားကာ HCIA-Datacom အသိအမှတ်ပြုအစီအစဉ်မှာ ကွန်ရက်အင်ဂျင်နီယာများအား အခြေခံအဆင့် Datacom အသိပညာများနဲ့ အရည်အချင်းများ ပံ့ပိုးသွားမယ့် အစီအစဉ်ဖြစ်တယ်လို့ သိရပါတယ်။

-အောင်သူ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««