နေအိမ်ကနေ အလုပ်လုပ်သူတွေ အသုံးပြုလာကြတဲ့ Zoom မှာ ဗီဒီယိုနောက်ခံ ဘယ်လိုပြောင်းမလဲ

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအတွင်း နေအိမ်ကနေ အလုပ်လုပ်သူတွေ၊ စာသင်ကြားသူတွေ သန်းပေါင်းများစွာက Zoom video chat app ကိုအသုံးပြုလာကြပါတယ်။ Zoom အသုံးပြုသူတွေ ဗီဒီယို chat ကိုအသုံးပြုစဉ်မှာ နောက်ခံပုံရိပ်ကို အာကာသအပြင်ဘက် ဒါမှမဟုတ် ဆန်ဖရန်စစ္စကိုဂိုးဒန်းဂိတ်တံတားပုံတွေ ပြောင်းလဲနေကြပါတယ်။ ဒါ့အပြင် နောက်ခံကို ကိုယ်ပိုင်ဓာတ်ပုံလည်း သုံးနိုင်ပါတယ်။

ကပ်ရောဂါကြောင့် အိမ်မှာ နေထိုင်ဖို့နဲ့ အခြားကာကွယ်ရေး အစီအစဉ်တွေကြောင့် Zoom ကိုအသုံးပြုသူ အလွန်မြင့်တက်လာပါတယ်။ အိမ်ခန်းအတွင်းက ရှုပ်ပွနေတာကို ဖုံးကွယ်ဖို့နဲ့ ပျော်စရာနည်းလမ်းအဖြစ် အသုံးပြုနိုင်ဖို့ Zoom နောက်ခံကို အသုံးပြုနိုင်ပါတယ်။

Desktop app မှာ Zoom နောက်ခံကို ပြောင်းလဲခြင်း

(၁) Zoom app မှာ ညာဘက်ထောင့်ဆုံးက Settings ကိုနှိပ်ရပါမယ်။

(၂) ဘယ်ဘက်က menu မှာ Virtual Background ကိုနှိပ်ပေးပါ။

(၃) အဲဒီမှာ သုံးစွဲသူက Zoom ကထောက်ပံ့ထားတဲ့ default background အနည်းငယ်ကို တွေ့ရပါမယ်။ ပြထားတဲ့အထဲက နောက်ခံတချို့ကို ရွေးချယ်လိုက်ရင် နောက်ခံ အလိုအလျောက်ပြောင်းသွားပါမယ်။ ဒါ့အပြင် အစိမ်းရောင် screen ရှိသူတွေ အသုံးပြုနိုင်မယ့် option လည်းပါဝင်လာပါသေးတယ်။

(၄) တကယ်လို့ နောက်ခံမှာ ကိုယ်ပိုင်ဓာတ်ပုံကို အသုံးပြုလိုရင်တော့ Virtual Background Page က + ကိုနှိပ်ပြီး ပေါ်လာတဲ့ Choose Virtual Background မှာရွေးချယ်ပေးရပါမယ်။

(၅) တင်ထားတဲ့ ဓာတ်ပုံကို ဖယ်ရှားလိုတယ်ဆိုရင် ဘယ်ဘက်ထောင့်က X ကိုနှိပ်လိုက်ရုံပါပဲ။

မိုဘိုင်း app မှာ Zoom နောက်ခံကို ပြောင်းခြင်း

(၁) သုံးစွဲသူ မိုဘိုင်းမှာ account ကို log in ဝင်ပြီး မီတင်တက်တဲ့အချိန်မှာ More menu ကိုဖွင့်ဖို့ ညာဘက်ထောင့်က အစက် ၃ စက်ကို နှိပ်ရပါမယ်။
(၂) Virtual Background ကိုနှိပ်ပါ။
(၃) အဲဒီမှာ နောက်ခံအတွက် ပုံတွေကို ရွေးချယ်နိုင်သလို ကိုယ်ပိုင်ပုံကို upload လုပ်နိုင်ပါတယ်။

စိုးထက်
Ref: CNET