နေပြည်တော်ရှိ မိုဘိုင်းဖုန်းဆိုင်များ အခွန်တံဆိပ်ခေါင်း စနစ်တကျမကပ်ခြင်းများကို မတ် ၁ ရက်မှ စတင် စစ်ဆေး အရေးယူဆောင်ရွက်မည်

မိုဘိုင်းဖုန်းများရောင်းချရာတွင် အခွန်ပြေစာများ ကပ်နှိပ်ရောင်းချခြင်းနဲ့ ပတ်သက်ပြီး စနစ်တကျရှိလာစေဖို့အတွက် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မိုဘိုင်းဖုန်းလုပ်ငန်းရှင်တွေနဲ့ အခွန်ဦးစီးဌာနမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၇ ရက်၊ နေ့လယ် ၂ နာရီက နေပြည်တော်ရှိ Mandalay Paradise စားသောက်ဆိုင်မှာ ကျင်းပခဲ့ပါတယ်။

အခမ်းအနားကို နေပြည်တော်ပျဉ်းမနား၊ တပ်ကုန်း၊ လယ်ဝေးနဲ့ သီရိငါးသီရိမှ အခွန်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ တင်သွင်းကုမ္ပဏီများနဲ့အတူ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မိုဘိုင်းဖုန်းလုပ်ငန်းရှင်များ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ဒေသတွင်း မိုဘိုင်းဖုန်းရောင်းချမှုနဲ့အတူ အခွန်တံဆိပ်ခေါင်းများ စနစ်တကျကပ်ရန်လိုပြီး အကယ်၍ စနစ်တကျ ကပ်နှိပ်ခြင်းမရှိက အခွန်တံဆိပ်မကပ်ဘဲရောင်းချသကဲ့သို့ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါမူဝါဒမှာ မတ် ၁ ရက်တွင် စတင်မှာ ဖြစ်ပြီး စစ်ဆေးဆောင်ရွက်ကာ အရေးယူမှုများ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခွန်တံဆိပ်များအား မထင်မရှား ကပ်နှိပ်ခြင်း၊ တံဆိပ်ခေါင်းများကို တစ်ခုနဲ့ တစ်ခု ထပ်ကပ်ကာ ရှုပ်ထွေးစွာ ကပ်ခြင်း၊ အသုံးပြုပြီးသားကဲ့သို့ မှင်ခြစ် ခဲခြစ်ရာများပါနေခြင်း စသည့် စနစ်တကျ မကပ်ဘဲ ရောင်းချခြင်းတွေကို အခွန်တံဆိပ်ခေါင်း မကပ်ဘဲ ရောင်းချသကဲ့သို့ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

-ကျော်ဇေယျ